03/08/2026
#သဲအင်းဂူဆရာတော်ကြီး
#လူ့ဘဝဖြင့်တရားထူးရပုံ
ဆရာကြီး ခုနေ
ဘယ်နှစ်မဂ်လောက်များ ရပြီလဲ ???
ကျုပ် စာလိုတော့ မသိဘူး
သုံးကြိမ်တော့ အသိထူး (တရားထူး) ရပြီးပြီ
ဒါဆို ရုပ်ပေါ်မှာ ဒိဋ္ဌိပြုတ်ပြီလား ???
ပြုတ်ပါတယ် ....။
နာမ်ပေါ်မှာကော ဒိဋ္ဌိပြုတ်ပြီလား ???
ပြုတ်ပါတယ်
ရုပ်ပေါ်မှာ ဒိဋ္ဌိ ပြုတ်တယ်ဆိုရင်
လက်တွေ့ စမ်းသပ်ပါရစေ ခွှင့်ပြုပါ .... ။
ပြုပါတယ် စမ်းသပ်ပါ
လက်မောင်းကြွက်သားများ
အရိုးပေါ်အရေတင်နေတဲ့ အသားလေးများ
ပေါင်နင်းကြောများကို အင်တိုက်အားတိုက်
ဆွဲလိမ် ဆွဲဖဲ့ ဆွဲဆိတ်၏ ....။
လက် (၂) ချောင်းဖြင့် ဆွဲညှပ်ကြည့်၏
အကြိမ် (၅၀) ကျော် ထပ်ခါ ထပ်ခါ စမ်းသပ်၏
မျက်နှာကို သေချာ အကဲခပ်နေ၏
ဘာမျှ ဖြစ်မသွား တစ်ချက်ကလေးမျှပင် မျက်နှာပျက်မသွားပဲ ကြည်လင် ဝင်းပနေ၏
အင်း,ဟုတ်ပြီ ရုပ်ပေါ်မှာ ဒိဋ္ဌိပြုတ်တာမှန်တယ်
နာမ်ပေါ်မှာ ဒိဋ္ဌိပြုတ်တယ်ဆိုရင်
မညှာတမ်းမေးပါရစေ ...။
မေးပါ
ဆရာကြီး မိန်းမ ဘယ်နှစ်ယောက်ရှိလဲ ???
လက်ဦးဇနီးက နောက်အိမ်ထောင်ပြုသွားတယ်
ဒုတိယဇနီးက ကျောက်ရောဂါကြောင့်
ဆုံးသွားတာ ခုလက်ရှိ ဇနီး၂ယောက် ရှိပါတယ်
ဘယ်ဇနီးကို အချစ်ဆုံးလဲ ???
အငယ်ဇနီးကို ပိုချစ်ပါတယ်
ဟုတ်ပြီ ဒါဆိုရင် ဆရာကြီး
ညသန်းခေါင်ယံအချိန်မှာ အဲ့ဇနီးငယ်ကို
ဖျတ်ခနဲ့ဆို သွားသတိမရဘူးလား ???
ကာမစိတ် မထဘူးလား
ကာမဆက်ဆံချင်သေးလား
အဲ့လိုစိတ် ဖြတ်ခနဲ့ဆို မထလာဘူးလား ???
တရားထူးမရခင်ကတော့ သတိရမိတယ်
တရားထူးရပြီးချိန်ကစပြီး အဲ့စိတ်တွေ
မဖြစ်တော့ဘူး ....။
ဘယ်လို မဖြစ်တော့တာလဲ
အကျဥ်းချုပ်လေး သိပါရစေ ... ။
ပထမအကြိမ် အသိထူး ရစဥ်ကဆိုရင်
ရုပ်၏ ဖောက်ပြန်တတ်တဲ့ သဘော
ပြောင်းလွဲ တတ်တဲ့ သဘော
နာမ်၏ သွားခံစားတတ်တဲ့
သဘောလေးတွေကို ဒလစပ်ကြီး သိလာတယ်
လက်ဦးတော့ အာနပါနပေါ့
နှာသီးဖျားက လေကလေးကို
မသိပဲ အဝင်မခံ
မသိပဲ အထွက်မခံ
အတ္တနဲ့ မင့်ဒီနေရာမှာ
နေဆိုပြီး ထားလိုက်တယ် ... ။
ကြာကြာထိုင်ပါများလာတော့ အောက်က
အမာနဲ့တွေ့ပြီး ဝေဒနာတွေ ပေါ်လာတာကိုး
ကိုယ်ထားတဲ့အတိုင်းမှ မရပဲ ....။
စိတ်ကလေးက နှာသီးဖျားကနေ
ဝေဒနာတွေပေါ်လာတော့ မရပါဘူးဗျာ
ပြေးသိတော့တာပဲ ....။
အဲ့မှာ တင်းတာပေါ်လာရင်
တင်းတာ အစ အလယ် အဆုံးထိ လိုက်တယ်
တောင့်တာပေါ်လာရင်
တောင့်တာ အစ အလယ် အဆုံးထိ လိုက်တယ်
ပူတာပေါ်လာရင်
ပူတာ အစ အလယ် အဆုံးထိ လိုက်တယ်
ကြပ်တာပေါ်လာရင်
ကြပ်တာ အစ အလယ် အဆုံးထိ လိုက်တယ်
အဲ့လို ဝေဒနာတွေ ပေါ်တိုင်း ပေါ်တိုင်း
အစ အလယ် အဆုံးထိ လိုက်ကြည့်ပါ
များလာတော့
ဒီရုပ်ကြီးက ဖောက်ပြန်ရုံ သက်သက်ပါလား
ပြောင်းလွဲရုံ သက်သက်ပါလား
ဒီစိတ်ကလေးကလဲ
ဒီရုပ်ဖောက်ပြန် ပြောင်းလွဲနေတဲ့ အပေါ်မှာ
သွားပြီး ခံစားရုံ သက်သက်ကလေးပါလား
ဆိုတာ အဟုတ်သိလာရတာ သိတာမှ ....
နောကြေအောင် သိတာ
ညက်ညက် ကြေအောင် သိတာ
ဒလစပ်ကြီးကို သိလာတာ
အဲ့လို ... အသိတွေ ထူးလာတာ
စာလိုတော့ ကျုပ် မသိဘူး ....။
ဒါဆို ငါ့ကိုယ် ငါ့လက် ငါ့ခြေဆိုတဲ့
ခန္ဓာကိုယ်ကြီးကိုစွဲနေတဲ့ ငါစွဲကြီး
ပြုတ်သွားတဲ့သဘောလား ???
ဘုရားဟောထားတာ မှန်တယ် ယုံမှားသံသယ
ဖြစ်စရာမရှိတော့ဘူးဆိုတဲ့ သဘောလား ???
မှန်တယ် ဒီသဘောပါပဲ
အဲ့တော့ ဘယ်မှာနေပြီးကျင့်တာလဲ ???
နှောကုန်းရွာ သိမ်ကျောင်းအတွင်း (၉)ပါးသီလ
ခံယူပြီး (၉)ရက်အဓိဌာန်နဲ့ ကျင့်တာ
ပထမ (၆)ရက်အတွင်း အသိထူးရလာတာပဲ
အဲ့မှာ မိန်းမနဲ့ နေသေးလား ??? မနေပါဘူး
(၉)ရက်ပြီးတော့ အိမ်က ထမင်းလာပို့ရတာ
မလွယ်လို့(၈)ပါးသီလပဲခံယူပြီးအိမ်မှာပဲနေတာ
အိမ်မှာကျင့်ရတာ အဆင်မပြေလို့
လူသူကင်းရာ နှောကုန်းရွာက သုသာန်သင်္ချိုင်း
ခြုံပုတ်တွေထဲမှာ ကျင့်ခဲ့ရတာ .... ။
ဘာလို့လဲ ???
ရွာကလူတွေက ဒီကောင်တော့
ပုလိပ်ဖမ်းခံရမှာစိုးလို့ ထင်ရာလျှောက်လုပ်
နေတာ လူဆိုးသူခိုး ဓါးပြဗိုလ်က တရားရတာ ဟုတ်ပါ့မလား အလကားပါ စသည်ဖြင့်
ဟား နေကြလို့ပါ
ဒါကြောင့် သင်္ချိုင်း ခြုံပုတ်တွေထဲမှာ
လူသူမသိအောင် ခိုးကျင့်ခဲ့ရတာ ...။
တစ်လနဲ့ သုံးရက်မှာ ဒုတိယအကြိမ်
အသိထူး ထပ်ဝင်လာတော့တာပဲ ....။
အဲ့မှာ မိန်းမနဲ့ နေချင်စိတ်ရှိသေးလား ???
ဒုတိယအကြိမ် အသိထူးရလာတော့
အဲ့ကိစ္စတွေကို စိတ်မပါတော့ပါဘူး
ပယ်သလားဆိုတော့ မပယ်နိုင်သေးဘူး
ခေါင်းပါးရုံပဲ ခေါင်းပါးတာ ...။
ဘာကြောင့် ဘယ်လို ခေါင်းပါးလာတာလဲ ???
ပထမအကြိမ် အသိထူးရပြီးတော့
သုသာန်မှာပဲ တရားသွားထိုင်ကျင့်ခဲ့တာကိုး
ပထမတော့ ဝင်လေထွက်လေ အပေါ်မှာပဲ
ရှူနေတာပဲ လည်ချောင်းထဲမှာ
လေကြောင်းကြီးက တရှီးရှီးနဲ့
သမာဓိအားကလည်း ကောင်းလာတော့
ကြည်လင်လာပြီး အင်မတန် ရှူလို့ကောင်းတယ်
အဲ့မှာ ခြေဖနောင့်တွေကို ပုရွက်ဆိတ်တွေက
ကိုက်ဖြတ် စားနေတာများ အားကြီးပဲ
ခြင်တွေ မှက်တွေကိုက်နေတာများ
သွေးတွေပါ တစက်စက်ကျတယ်
ပိတ်ဖြူစ အဝတ်စားတွေပေါ်မှာ
သွေစွန်းကွက်တွေချည်းပဲ
သူ့ဘာသာသူ ကိုက်တာ ကိုယ်နဲ့ဘာဆိုင်လဲ
တရားကို လုံးဝမှ မဖြုတ်ဘူး .... ။
လူသေချင်သေ မသေ တရားရဆိုပြီး
မထစတမ်း မနားတမ်း ထမင်းမေ့
ဟင်းမေ့ကိုချတာ တရှီးရှီးနဲ့
ဒီလေကြောင်းကြီးကိုပဲ ရှူနေခဲ့တာ ....။
နောက်တော့ သုသာန်မှာထိုင်ရင်သရဲတွေက အလောင်းထမ်းလာတာ ပုခက်ကြီး
ရွက်လာတာ ရှိတယ်လို့ ကြားဘူးထားတော့
ဒါဟာတကယ်လား
စိတ်ကြောင့် ဖြစ်တာလားဆိုတာ
ဆင်ခြင်လိုက်တယ် အဲ့မှာ
အသုဘနိမိတ်တွေ စမြင်တော့တာပဲ
သရဲကြီးက အခေါင်းကြီးထမ်းလာပြီး
ဖွင့်ပြလိုက်တော့ အလောင်းကောင်ကြီး
ပေါ်လာတယ်
အင်း , ငါလည်း သူလို ဖြစ်ရအုံးမှာ
ပါလားလို့ နှလုံးသွင်းဆင်ခြင်လိုက်တယ်
{သညာပွားလိုက်တယ်}
တခါ အရိုးစုကြီးတွေက ဂျောက်ဂျက် ဂျောက်ဂျက်နဲ့ ဝိုင်းပတ်လာပြန်တယ်
အင်း ငါလည်း သူလို အရိုးစုဖြစ်ရအုံးမှာ
ပါလားလို့ နှလုံးသွင်း ဆင်ခြင်ပြန်တယ်
အဲ့တော့ အကြီးဆုံး အရိုးစုကြီးက
ဘာပြောတယ်ထင်လဲ ဟုတ်တယ်တဲ့
မင်းလဲ ငါလိုဖြစ်ရအုံးမယ်ဆိုပြီး
ခေါင်းတဆတ်ဆတ်နဲ့ ငြိမ့်ပြတယ်
အဲ့မှာ .... အသုဘကို လှိမ့်ပွားတော့တာ
တစ်လကျော်လာတော့ ကိုယ့်ခန္ဓာကြီးက
ပုတ်နေတာကို မြင်လာရတယ်
ခေါင်းကြီးတွေ ဗိုက်ကြီးတွေ ခြေလက်တွေ ပုတ်ပွနေတယ်လို့ မြင်လာတယ်
တကိုယ်လုံး ရစရာမရှိ
(၁၀)ရက် (၁၅)ရက် အသုဘ
အပုတ်ကောင်ကြီးသဖွယ် မြင်လာရတယ်
ပိုးမွှားတွေကလည်း တကိုယ်လုံး ဘယ်နေရာကြည့်ကြည့် အပ်ချစရာ နေရာမရှိလောက်အောင် စားသောက်နေလိုက်ကြတာ
ကြည့်ရက်စရာ မရှိဘူး
စိတ်နဲ့ကြည့်လိုက်ရင် မှန်ထဲမှာ
ကြည့်သလိုကို မြင်လာရတာ
အူတွေ အသည်းတွေ ကျောက်ကပ်
နှလုံး အကုန်အထင်သားမြင်နေရတာ
နောက်ကျောမှာ မွှေးညှင်း ဘယ်နှစ်ပင်
ပေါက်တာက အစ မြင်နေရတယ် ...။
ဆေးဆရာဝန်က ဓါတ်မှန်နဲ့ကြည့်တာ
တရားကျင့်တဲ့ယောဂီက သမာဓိ
မှန်ပြောင်းနဲ့ ကြည့်တာ .... ။
ပိုမျိုး (၈၀) စားသောက်နေတယ်ဆိုတာ
တယ်မှန်တာပဲ ...။
ဒီခန္ဓာကြီးဟာ ပိုးကောင်တို့ရဲ့ တည်ရာဌာနကြီး
ပိုးကောင်တို့ရဲ့ ကျက်စားရာ နေရာကြီး
ပိုးကောင်တို့ရဲ့ သခ်ျိုင်းကြီး ဆိုတာ
သိလာရတယ် ....။
အဲ့တော့ ကိုယ့်ခန္ဓာကြီးကို
စက်ဆုပ်ရွံရှာလာတယ်
ကိုယ့်ခန္ဓာက ပုတ်နေတော့ သူ့များကိုယ်များ
ကောင်းမလားဆိုပြီး ကြည့်လိုက်တယ်
ဘယ်ပြောကောင်းမလဲ ပုတ်ပွနေတာအားကြီးပဲ
ကမာရွတ်က ရှမ်းမကို လှမ်းကြည့်တယ်
ဟာ ခြင်ထောင်ထဲမှာ ပက်လက်ကားယားကြီးနဲ့
သူ့နား ကပ်ဖို့ နေနေသာသာ
မြင်ရက်စရာ ကြည့်ရက်စရာမရှိ
ပုတ်ပွနေတယ်
နှောကုန်းရွာက ကရင်မကိုကြည့်တော့လဲ
အူတွေ အသည်းတွေ ကျောက်ကပ် နှလုံး
ဟာ , အကုန်ပုတ်ပွနေတာ မြင်ရတာကို
စိတ်ဆင်းရဲလာတယ် ... ။
ဘုရားစေတီ ဆင်းတုတော်များကို ကြည့်ရတာ ကောင်းမလားဆိုပြီးကြည့်လိုက်တယ်
ဟာ , ဘုရားစေတီတွေလဲ ပုတ်ပွနေတယ်
သစ်ပင် တောတောင် ရေမြေ ဘယ်ဟာ
ကြည့်ကြည့် အပုတ်တွေချည်းပဲမြင်လာရတယ်
နေ့မှာလည်းမြင် .... ညမှာလည်းမြင်
မျက်စိပိတ်ထားလည်း မရဘူး မြင်နေရတယ်
အဲ့ဒီတော့ ဒီအပုတ်အပွတွေကို
မမြင်ချင်တော့ဘူး မြင်နေရတာကို
ကြောက်လာတယ် ဒေါသဖြစ်လာတယ် ....။
ကိုယ့်အပုတ်ကို မြင်တော့ ကိုယ့်ခန္ဓာကိုယ်ကို
မခင်တွယ်တော့ဘူး ကိုယ့်ခန္ဓာကိုယ်ကို
မလိုချင်မှတော့ သူများခန္ဓာကိုယ်လည်း
မကြည့်ချင် မမြင်ချင် မထိချင် မတို့ချင်
မရချင်တော့ဘူး
ကာမကိလေသာ ခေါင်းပါး လာတယ်ဆိုတာ
ကိုယ့်အသုဘ အပုတ်ကို မြင်လာရလို့ဗျား
အဲ့ဒါ ဒုတိယအကြိမ် အသိထူးမှာ
ကျုပ်မြင်လာတာပြောတာ
စာလိုတော့ ဘာမြင်လို့ ခေါင်းပါးတယ်
ဆိုတာတော့ ကျုပ်မသိဘူး
ကိုယ်မြင်တာ ကိုယ်သိတာပဲ ပြောရတာလေ
ပထမအကြိမ်အသိထူး သောတာပန်အဆင့်မှာ
ဒိဋ္ဌိ နဲ့ ဝိစိကိစ္ဆာ ကိလေသာ (၂)ပါးပဲ
ပယ်နိုင်တယ်
ဒုတိယအကြိမ် အသိထူး သကဒါဂမ်အဆင့်မှာ
ကာမကိလေသာခေါင်းပါးရုံပဲ ခေါင်းပါးမယ်
ကျန်တဲ့ ကိလေသာ(၈)ပါးကို မပယ်နိုင်
သေးဘူးဆိုတဲ့ သဘောပေါ့
ဒါဆို သကဒါဂမ်တွေ လောဘ ဒေါသ ဘယ်လိုဖြစ်တယ်ဆိုတာလေး ပြောပြပါအုံး ???
ကျုပ်ဖြစ်တာ အဲ့ဒုတိယအကြိမ် အသိထူးမှာ
တလောကလုံး အပုတ်အပွတွေပဲ မြင်လာတော့
အဲ့ဒါကြီးကို မကြည့်ချင် မမြင်ချင်တဲ့
ဒေါသဖြစ်တာပဲ .....။
အပုတ်အပွတွေကနေ လွတ်အောင် ရှေ့တိုး
ရုန်းချင်နေတဲ့ လောဘဖြစ်တာပဲ
ဒါက ကိုယ်မြင်တာ ကိုယ်ရတာပြောရတာ
စာလိုတော့ ဘာမြင်လို့ လောဘ ဒေါသ
ဖြစ်တယ်ဆိုတာတော့ ကျုပ်မသိဘူး
စာလိုတော့ ဖြစ်ကြောမရှည်တဲ့
လောဘ ဒေါသလို့ ပြောကြတာပါပဲ ဆရာကြီး
ကာမကိလေသာ ခေါင်းပါးလာပြီးတော့
အဲ့စိတ်ကို အပြီးဘယ်လို ပယ်ခဲ့ပါသလဲ ???
မိန်းမလို့ မြင်နေရင် မပယ်နိုင်သေးဘူး
ယောကျာ်းလို့ မြင်နေရင် မပယ်နိုင်သေးဘူး
မြင်နေရင် ညွှတ်လိုက်မှာကိုး ....
စိတ်ကလေးက ညွှတ်လိုက်မှတော့
ဘယ်ကလာ ပယ်နိုင်မှာတုန်း မပယ်နိုင်ပါဘူး
ကာမကို ပယ်နိုင်ဖို့ရာက မိန်းမ မမြင်မှ
ယောကျာ်းမမြင်မှ ပယ်နိုင်မှာ ...။
ပယ်နိုင်အောင် ဘယ်လိုရှူ့ခဲ့ပါသလဲ
ဆိုတာကတော့ ဒုတိယအကြိမ် အသိထူး
ရပြီးကတည်းကနဲ့ စိတ်က အသုဘစိတ်
ဖြစ်နေခဲ့တာ
မြင်တာလဲ အသုဘ
စားတာလဲ အသုဘ
နံတာလဲ အသုဘ
ကြား တာလဲ အသုဘ
ထိတာလဲ အသုဘ
သိတာလဲ အသုဘ
အကုန်အသုဘချည်း ဖြစ်နေတော့
ဒီအသုဘစိတ်ကြီးကနေ လွတ်အောင်
ဆက်ရှူ့လာလိုက်တယ်
အဲ့တော့ ဒုတိယအကြိမ်အသိထူးရပြီး
နောက် (၆)လ ကျော်လောက်မှာ
မနားတမ်းအားထုတ်လာတော့
ဝမ်းချုပ်လာတယ်
ဝမ်းသွားချင်လို့ ဝါးရုံတောက ဝါးရုံငုတ်ပေါ်မှာ ဆောင့်ကြောင့်ထိုင်ရင်း အသုဘသဘော
ခန္ဓာရဲ့ ပြောင်းလဲခြင်းသဘောတွေကို
ပွားများလိုက်တာ တတိယအကြိမ်
အသိထူး ထပ်ဝင်လာတော့တာပဲ ....။
အဲ့မှာ ငရဲကြီး (၈)ထပ် အရံငရဲ
နတ်ပြည် (၆)ထပ် ဗြဟ္မာ (၂၀)
အကုန် ဒလဟောကြီး မြင်ရတော့တာ
စိတ်တန်ခိုးများ တယ်ကြီးတာကိုး
ကြည့်ချင်တယ်ဆိုတာနဲ့ တန်းမြင်ရတော့တာပဲ
ဘယ်လို အသိထူးလာသလဲဆိုရင်
မြင်မြင်သမျှဟာ ဖွားခနဲ့ ဖွားခနဲ့
ပျက်,ပျက် သွားတယ်
မြင်လိုက်တာနဲ့ တန်းပျက် မြင်ပြီးပျက်
မြင်ပျက် ရုပ်ကလာပ ပရမံအနုမြူ အမှုံ
လေးတွေ အဖြစ်ပဲ မြင်ရတော့တယ် ....။
မိန်းမရယ်လို့ အပုတ်ကောင်ကြီးရယ်လို့
မမြင်တော့ဘူး တဖွားဖွား ပြိုပျက်နေတဲ့
အမှုံအမွှားလေးတွေ အဖြစ်ပဲ မြင်တော့တယ်
မိန်းမကြည့်လဲ ဖွားခနဲ့ ဖွားခနဲ့ ... ပျက်
ယောကျာ်းကြည့်လဲ ဖွားခနဲ့ ဖွားခနဲ့ ...ပျက်
တိုက်ကြည့်လဲ ဖွားခနဲ့ ဖွားခနဲ့ ....ပျက်
ကားကြည့်လဲ ဖွားခနဲ့ ဖွားခနဲ့ ....ပျက်
ရေကြည့်လဲ ဖွားခနဲ့ ဖွားခနဲ့ .....ပျက်
တောတွေကြည့်လဲ ဖွားခနဲ့ ဖွားခနဲ့ ... ပျက်
တောင်တွေကြည့်လဲ ဖွားခနဲ့ ဖွားခနဲ့ ... ပျက်
သစ်ပင်ကြည့်လဲ ဖွားခနဲ့ ဖွားခနဲ့ ... ပျက်
တလောကလုံး သက်ရှိသက်မဲ့
အရာအားလုံးဟာ တဖွားဖွား
ပြိုပျက်နေတဲ့ ရုပ်ကလာပ အမှုံ
အမွှားလေးတွေပါလားဆိုတာ မြင်လာရတယ်
လက်ဦးတော့ သဘောပဲမြင်တာ
တတိယအသိထူးရပြီးမှ တကယ့်အပျက်ကို
နဖူးတွေ့ ဒူးတွေ့မြင်လာရတော့တာ ....။
ဘုရားဟောထားတဲ့ မျက်စိတမှိတ်
လျှပ်တပျက်အတွင်း ရုပ်ကုဋေငါးထောင်
နာမ်ကုဋေတသိန်း ဖြစ်ပျက်နေတယ်ဆိုတာ
အဲ့အဆင့် အနာဂါမ်ရောက်မှ မြင်ရတာ ....။
ဘုရားရှင်လို အရေအတွက် အတိအကျတော့
မရေတွက်နိုင်ပါဘူး အမှုံအမွှားလေးတွေ
များတာပဲသိတယ် ...။
အဲ့အမှုံအမွှား တစ်ခုဆီမှာ ရုပ်နာမ်နှစ်ပါး
ခန္ဓာ ငါးပါး ထပ်ရှိနေပြန်တယ် ....။
ဒီအမှုံအမွှားလေးတွေရဲ့ပြောင်းလဲဲခြင်းသဘော
ဖောက်ပြန်ခြင်းသဘောပေါ်မှာ စွဲငြိနေတဲ့ အနုသယကိလေသာ { ရုပ်နု နာမ်နုကိလေသာ} ကိုတော့ ကျုပ် မပယ်နိုင်သေးပါဘူး
ဆက်ကြိုးစားရအုံးမယ် ....။
မိန်းမနဲ့ နေချင်စိတ် ကာမကိလေသာကတော့
မရှိတော့ဘူး ပယ်လိုက်ပြီ ဘာလို့ပယ်လိုက်သလဲဆိုတော့ မိန်းမရယ်လို့ မမြင်တော့လို့ပါ
တဖွားဖွား ပြိုပျက်နေတဲ့ ရုပ်ကလာပ
ပရမံအနုမြူ အမှုံအမွှားလေးတွေ အဖြစ်ပဲ
မြင်နေရတော့လို့ပါ
ဒါကြောင့် မိန်းမနဲ့ နေချင်စိတ် မရှိတော့တာ
ဖျတ်ခနဲ့ဆိုလို့တောင် စိတ်မရောက်တော့ဘူး
ကာမစိတ် မထတော့ဘူး မရှိတော့ဘူး ...။
တလောကလုံး အမှုန့်ဖြစ်အောင်
ရှူ့ချထားလိုက်ပြီးပြီ
မိန်းမရယ်လို့ မြင်စရာမရှိတော့
စိတ်ကညွှတ်စရာမလိုတော့ဘူး
ညွှတ်စရာ မရှိတော့လို့ မိန်းမနဲ့
နေချင်တဲ့စိတ် ကာမကိလေသာကို
အမြစ်ပြတ် ပယ်လိုက်တာပါ ....။
ကျုပ်က တရားစကျင့်ကတည်းက
ဇနီး (၂)ယောက်လုံးကို မနေနိုင်ရင်နောက်အိမ်ထောင်ပြုကြဖို့
ခွင့်ပြုပေးပြီးသားပါ
မချုပ်ခြယ်ထားပါဘူး လွတ်လပ်ခွင့်
ရွေးချယ်ခွင့်ပြုထားပြီးသား ....။
အဲ့လို ဘာလို့ နောက်အိမ်ထောင်
ပြုခိုင်းတာလဲ ???
ပစ္စည်းတစ်ခု မသုံးပဲ သိမ်းထားလဲ အပိုပေါ့ဗျာ
ဒီအတိုင်းပြစ်ထား မှိုတက် ပျက်စီးရုံပါ့
ကိုယ်မှ မသုံးတော့ပဲ သူများသုံးပါစေပေါ့
လိုချင်သူ ရချင်သူ သုံးပေါ့ .....။
ကိုယ်သုံးရင်တော့ မပေးဘူးလေ ဟုတ်ဘူးလား
ဘုရားလောင်းတို့လဲ ဒီအတိုင်းပဲမို့လား
[ ဟား ဟား ဟား---မှန်လှပါ ]
ကျုပ်က ချပြီဆိုရင် စိတ်ကပြတ်ပြီးသား
အပြတ်ချတာ ဒီတရားကျင့်ပြီဆိုမှတော့
ရကို ရရမယ် မရ ရအောင်ကိုကျင့်မယ်
လူသေချင်သေ မသေ ကိလေသာသေ
တရားရ စိတ်နဲ့ချတာ အဲ ခုတော့ ရတော့တာပဲ
ကျေးဇူးတော်ရှင်
မူလသဲအင်ဂူဆရာတော်ဘုရားကြီး
အရှင်ဦးဥက္ကဌ 🙏🙏🙏
★JG Jay Gyi
https://www.facebook.com/108883631790659/posts/148018397877182/