Mawlamyine Baptist Church

Mawlamyine Baptist Church Mawlamyine Baptist Church is the only fundamental, independent Baptist church in Southeast Myanmar. The church was founded by our pastor, Peter Judson.

By God’s grace, we started on June 14, 2015 with 12 people. Our church has been growing ever since.

10/04/2025

Please follow this page for more reading of Daily in the Bible.
မော်လမြိုင်နှစ်ခြင်း followers များသိစေရန် "ကျမ်းစာတွင်နေ့စဉ်" page ကို follow လုပ်မှဆက်လက်ဖတ်ရှုနိုင်မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။ ကျေးဇူးတင်ပါသည်။
https://www.facebook.com/share/12GLgZQui7n/

10/04/2025

ကျမ်းစာတွင်နေ့စဉ် -
"ဘုရားသခင်၏နိုင်ငံတော်ကိုမြင်ရသူ"
ကြာသပတေးနေ့၊ ဧပြီလ ၁၀၊ ၂၀၂၅။
စာရေးသူ - ဆရာ ပီတာယုဒသန်

ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံ
တော်ကို မမြင်ရဟု ငါ အမှန်အကန်ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။
ရှင်ယောဟန်ခရစ်ဝင် ၃း၃

သခင်ယေရှုဟာ နိကောဒင်ကိုအသစ်ပြုပြင်တဲ့သတ္တဝါဖြစ်ရန် နှစ်ခြင်းခံဘို့လိုတယ်လို့သွန်သင်နေခြင်းမဟုတ်ဘူး။ ဓမ္မသစ်ကာလမှာနှစ်ခြင်းခံခြင်းဟာ သေခြင်းနဲ့ဆက်နွယ်နေပြီး လူပုဂ္ဂိုလ်ရဲ့ဝိညာဥ်ရေးရာကိုရေအားဖြင့် မပြောင်းလဲနိုင်ဘူး။ ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းရောက်တာဖြစ်ပြီးကိုယ်အလိုအလျောက်ဘယ်သူမှကယ်တင်ခြင်းမရောက်နိုင်ဘူး။ ခရစ်တော်
ရဲ့ဝိညာဥ်ကိုရဘို့ ခရစ်တော်ကိုယုံမှရမယ်။ "သို့သော်လည်း ဘုရားသခင် ဝိ
ညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ သင်တို့သည် ဇာတိပက
တိဘက်၌ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ခရစ်တော်၏ ဝိ
ညာဉ်ကိုမရသော သူမည်သည်ကား ခရစ်တော်နှင့်မဆိုင်။" (ရော ၈း၉)
ကယ်တင်ခြင်းရသူထံ သန့်ရှင်းသောဝိညာဥ်တော်ကျိန်းဝပ်တဲ့အချိန်ကတော့
သခင်ယေရှုကိုမိမိရဲ့ကယ်တင်ပိုင်ရှင်သခင်ဘုရားအဖြစ်လက်ခံယုံကြည်ချိန်က
တည်းကစတင်တယ်။ "သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့်ယှဉ်သော ဧဝံဂေလိတရားတည်းဟူသော သမ္မာတရားကိုကြားနာ၍ ထိုခရစ်
တော်ကို ယုံကြည်ပြီးမှ၊ ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံကြရပြီ။ ပိုင်ထိုက်တော်မူသောသူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနှုတ်တော်မူခြင်းသို့ မရောက်မှီကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့ အမွေ၏ စားရန်ဖြစ်တော်မူ၏။" (ဧ ၁း၁၃-၁၄) ရေဖြင့်နှစ်ခြင်းခံခြင်းဟာ ခရစ်တော်ကိုနာခံခြင်းနဲ့ သူ့အတွက်သက်သေခံခြင်းကိုပြခြင်းသာဖြစ်တယ်။

ယနေ့ကြီးပွါးရန်အခြေခံ - ဘုရားသခင်၏နိုင်ငံတော်ကိုမြင်ရသူသည် သခင်ယေ
ရှုကိုမိမိ၏ကယ်တင်ပိုင်ရှင်သခင်ဘုရားအဖြစ်လက်ခံယုံကြည်သူကိုဆိုလိုသည်။

ဓမ္မဟောင်းကျမ်းကိုဖတ်ရန် - ဓမ္မရာဇဝင်ပဌမစောင် ၁၅-၁၆။
ဓမ္မသစ်ကျမ်းကိုဖတ်ရန် - ရှင်လုကာခရစ်ဝင် ၁၀း၂၅-၄၂။

08/04/2025

ကျမ်းစာတွင်နေ့စဉ် -
"ဘုရားသခင်၌အပ်မည်။"
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၉၊ ၂၀၂၅။
စာရေးသူ - ဆရာ ပီတာယုဒသန်

ငါမူကား ဘုရားသခင်ကို မြော်လင့်မည်။ ကိုယ်အမှုကို ဘုရားသခင်၌ အပ်မည်။
ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ၏။
ယောဘဝတ္ထု ၅း၈-၉

ယောဘရဲ့မိတ်ဆွေဧလိဖတ်ဟာ ယောဘခံစားနေရတဲ့ဒုက္ခအတွက် ကောင်းတဲ့ရည်ရွယ်ချက်နဲ့အကောင်းဆုံးလုပ်ဆောင်ပေးချင်တယ်။ ဘုရားသခင်ကိုချစ်တဲ့သူတယောက်အနေနဲ့ ကျွန်ုပ်တို့လည်း လူတွေကိုရံဖန်ရံခါ အကောင်းဆုံးကူညီချင်ကြတယ်။ စစ်မှန်တဲ့ဘုရားသခင်ကိုသိနိုင်ဘို့ကူညီတာကောင်းပါတယ်။ လိုလည်းလိုအပ်ပါတယ်။ သို့သော်လည်းဘုရားသခင်ရဲ့အကြံအစည်ဟာ ကျွန်ုပ်တို့အကြံအစည်ထက်မြင့်ပြီး သူရဲ့အစီအစဥ်ဟာကျွန်ုပ်တို့အစီအစဥ်ထက်အမြဲသာ
လွန်နေတာဖြစ်တဲ့အတွက် အထူးသဖြင့်ယောဘလိုအခြေအနေမှာသူ့အတွက်ဆု
တောင်းပေးရုံကလွဲပြီး ဘုရားသခင်ရဲ့လုပ်ဆောင်နေခြင်းကို ကျွန်ုပ်တို့ရဲ့အမြင်
နဲ့သုံးသပ်ဆင်ခြင်ပိုင်ခွင့်မရှိဘူး။ ဘုရားသခင်လို့ပြောရင် လူအနေနဲ့အစဥ်နှိမ့်ချကြောက်ရွံ့ကိုးကွယ်တာဘဲဖြစ်သင့်တယ်။ ပေါလုရဲ့ယုံကြည်ချက်ကိုကြည့်ပါ။ "ထိုအကြောင်းကြောင့်ဤဆင်းရဲဒုက္ခကို ငါခံရ၏။ သို့သော်လည်းရှက်ကြောက်
ခြင်းမရှိ။ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ငါအပ်ထားသောအ
ရာကိုလည်း၊ ထိုနေ့ရက်တိုင်အောင်စောင့်နိုင် တော်မူသည်ဟု ငါသဘောကျ၏။"
(၂တိ ၁း၁၂)
ဘုရားသခင်ရဲ့အလိုတော်အတိုင်းအသက်ရှင်သူဟာ မိမိရဲ့အသက်တာနိမ့်ခြင်း၊ မြင့်ခြင်းထက် ဘုရားသခင်ကိုမြော်လင့်ခြင်း၊ သစ္စာတော်အမြဲတည်တာကိုယုံကြည်ခြင်း၊ စစ်၍မကုန်နိုင်သောအမှု၊ အံ့ဩဘွယ်သောအမှုတို့ကိုစွဲလမ်းခြင်းတွေကဘဲသာလွန်တယ်။ အကောင်းဆုံးကတော့ မိမိရဲ့အသက်ဝိညာဥ်ကိုကိုယ်
တော်၌အပ်နှံခြင်းသာဖြစ်တယ်။ "ထို့ကြောင့်၊ ဘုရားသခင်၏အလိုတော်အတိုင်း ဆင်းရဲခံရသောသူတို့သည်၊ ဘုရားသခင်ကို သစ္စာရှိသော အသက်သခင်ကဲ့သို့မှတ်လျက်၊ ကောင်းသောအကျင့်ကိုကျင့်နေ၍၊ ကိုယ်တော်၌မိမိတို့ အသက်ဝိ
ညာဉ်ကိုအပ်နှံကြစေ။" (၁ပေ ၄း၁၉)

ယနေ့ကြီးပွါးရန်အခြေခံ - ခရစ်ယာန်များဒုက္ခအခဲနှင့်ကြုံရတိုင်း ကိုယ်အမှုကိုဘုရားသခင်၌အပ်ခြင်းသာ အကောင်းဆုံးဖြစ်သည်။

ဓမ္မဟောင်းကျမ်းကိုဖတ်ရန် - ဓမ္မရာဇဝင်ပဌမစောင် ၁၃-၁၄။
ဓမ္မသစ်ကျမ်းကိုဖတ်ရန် - ရှင်လုကာခရစ်ဝင် ၁၀း၁-၂၄။

07/04/2025

ကျမ်းစာတွင်နေ့စဉ် -
"ကိုယ်ကိုကိုယ်နှိုးဆော်သောသူတယောက်မျှမရှိပါ။"
အင်္ဂါနေ့၊ ဧပြီလ ၈၊ ၂၀၂၅။
စာရေးသူ - ဆရာ ပီတာယုဒသန်

နာမတော်ကို ပဌနာပြုသောသူ၊ ကိုယ်တော်ကို မှီဝဲခြင်းငှါ ကိုယ်ကိုကိုယ်နှိုးဆော်သော သူတယောက်မျှ မရှိပါ။ အကြောင်းမူကား၊ မျက်နှာတော်ကိုလွှဲ၍ အကျွန်ုပ်တို့ကို ဒုစရိုက်အပြစ်အားဖြင့် ဆုံးရှုံးစေတော်မူပြီ။ သို့ရာတွင်အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့ အဘဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။
ဟေရှာယအနာဂတ္တိကျမ်း ၆၄း၇-၈

ဘုရားသခင်ဟာအရာခပ်သိမ်းကိုအစိုးပိုင်ပြီး အရာခပ်သိမ်းကိုသိကျွမ်းတဲ့သဗ္ဗညုတဘုရား ဖြစ်တော်မူတယ်။ သူဖန်ဆင်းထားတဲ့လူအပါအဝင် စကြဝဠာတခုလုံးကိုထိန်းချုပ်လုပ်ဆောင်ပြီး အမှုအရာတို့ကို ညှိညွှတ်နေတဲ့အရှင်လည်းဖြစ်တော်မူတယ်။ သူသာလျှင်စစ်မှန်၍တဆူတည်းရှိတော်မူတဲ့ဘုရားသခင်ဖြစ်
ကြောင်းလူတိုင်းသိနိုင်ရန် ရွေးချယ်တော်မူတဲ့ဣသရေလလူမျိုးအားဖြင့်၎င်း၊ မျက်မှောက်ခေတ်ယုံကြည်သူခရစ်ယာန်တွေအားဖြင့်၎င်း၊ သူဖန်ဆင်းထားတဲ့ မြောက်များစွာသောဖန်ဆင်းခံအရာများအားဖြင့်၎င်း ပြသနေတယ်။ ဒါကိုယောဘလည်းဝန်ခံထားတယ်။ "ဘုရားသခင်သည်ထူးဆန်းသောဥာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍
အောင်နိုင်သနည်း။ ဘုရားသခင်သည် တောင်တို့ကို အမှတ်တမဲ့ ရွှေ့တော်မူ၏။ အမျက်ထွက်၍ မှောက်လှန်တော်မူ၏။ မြေကြီးကိုရွေ့စေခြင်းငှါ တွန်းတော်မူ၍၊ မြေတိုင်တို့သည် တုန်လှုပ်ကြ၏။" (ယောဘ ၉း၄-၆)
ကျွန်ုပ်တို့နေထိုင်သည့်ဤကမ္ဘာမြေပေါ်ရှိမည်သည့်နေရာ၊ မည်သည့်နိုင်ငံ၌မဆိုရေကြီးခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မုန်တိုင်းကျရောက်ခြင်း၊ အလွန်အေးခြင်း၊ အလွန်ပူပြင်းခြင်း စသည့်အခြေအနေနှင့်ကြုံရတိုင်း​ များစွာသောလူအပေါင်းဟာ
အစိုးပိုင်ထိန်းချုပ်နေတဲ့ဖန်ဆင်းရှင်ဘုရားရှင်ကိုသိပြီး သူ့ထံနှိမ့်ချစွာပြန်လှည့်လာရမယ့်အစား ပြသနာရဲ့အဖျားပိုင်းကိုကြည့်ပြီးသိပ္ပံပညာရှုထောင့်၊ တောတောင်ပတ်ဝန်းကျင်ကိုထိန်းသိမ်းရမယ့်ရှုထောင့်ကဘဲအဖြေထုတ်တာဘဲများကြတယ်။ မကြာခင်ကမြန်မာနဲ့ ထိုင်းတို့မှာလှုပ်ခတ်သွားတဲ့ အားပြင်းငလျင်ကြောင့် ကြေကွဲကျန်ရစ်သူများနှင့်အတူ ကျွန်ုပ်တို့လည်းထပ်တူကြေကွဲကျန်ရစ်ကြတာဖြစ်တဲ့အတွက် အဖြေမှန်ကို ပရောဖက်ဟေရှာယလိုဘဲ "ကိုယ်တော်သည် အ
ကျွန်ုပ်တို့ အဘဖြစ်တော်မူ၏။" လို့ စစ်မှန်တဲ့ဘုရားသခင်ထံဝန်ခံကြပါစို့။

ယနေ့ကြီးပွါးရန်အခြေခံ - ခရစ်ယာန်တိုင်း ကိုယ်ကိုကိုယ်နှိုးဆော်ခွန်အားယူ၍ ခရစ်တော်၌ရှိနေသောအဖြေဖြင့် သူတပါးကိုလည်းသက်သာစေပါ။

ဓမ္မဟောင်းကျမ်းကိုဖတ်ရန် - ဓမ္မရာဇဝင်ပဌမစောင် ၁၀-၁၂။
ဓမ္မသစ်ကျမ်းကိုဖတ်ရန် - ရှင်လုကာခရစ်ဝင် ၉း၃၇-၆၂။

07/04/2025

ကျမ်းစာတွင်နေ့စဉ် -
"ဆုံးမဩဝါဒကိုခံခြင်း"
တနင်္လာနေ့၊ ဧပြီလ ၇၊ ၂၀၂၅။
စာရေးသူ - ဆရာ ပီတာယုဒသန်

ထိုသူများသည် တမန်တော်တို့၏ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌာနပြုခြင်းတို့ကို အမြဲဆောင်ရွက်၍နေကြ၏။
တမန်တော်ဝတ္ထု ၂း၄၂

တမန်တော်တွေဟောပြောလို့သခင်ယေရှုကိုလက်ခံယုံကြည်ပြီးထာဝရအ
သက်ရကြတဲ့သူတွေဟာ တမန်တော်တွေဆက်လက်သွန်သင်ဆုံးမမယ့် သခင်ယေရှုရဲ့ဆုံးမဩဝါဒတွေကိုခံယူဘို့လိုတယ်။ သို့မှသာသူတို့ခရစ်တော်၌ကြီးပွါးနိုင်မှာဖြစ်ပြီး သူတို့မှတဆင့် ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာဖြစ်တဲ့ သခင်ယေရှုရဲ့ကယ်တင်ခြင်းသိတင်းကောင်းကိုလည်း နောက်မျိုးဆက်တွေကိုလက်ဆင့်ကမ်းနိုင်မယ်။ မှန်ပါတယ်။ ယုံကြည်သူတိုင်းဟာ ယုံကြည်ပြီးနောက်ခရစ်တော်ကိုပို၍
သိကျွမ်းဘို့လိုအပ်တယ်။ သခင့်ရဲ့နည်းဥပဒေသတို့ကိုစွဲလမ်းမှ သခင်နှစ်သက်
တဲ့အသက်တာဖြစ်နိုင်မယ်။ "ညီအစ်ကိုတို့၊ သင်တို့သည် အရာရာ၌ငါ့ကိုအောက်
မေ့၍၊ ငါအပ်ပေးသောနည်းဥပဒေတို့ကို စွဲလမ်း ကြသည်ဖြစ်၍ သင်တို့ကို ငါချီး
မွမ်း၏။" (၁ကော ၁၁း၂)
ကျွန်ုပ်တို့နေ့စဥ်အသက်တာမှာ ခရစ်တော်၌ကြီးပွါးခြင်းမရှိရင် ဇာတိပကတိ
အကျင့်ဘက်မှာသာလွန်နေမှာဖြစ်တဲ့အတွက် ဘုရားသခင်ရဲ့ဘုန်းတော်မထင်ရှားစေဘူး။ ခရစ်တော်ရဲ့ဒေသနာ၌ဆက်တည်မှ သူ့ရဲ့တပည့်တော်ဖြစ်မှာဖြစ်ပြီး သူ့ရဲ့စကားတော်ဖြစ်တဲ့ သမ္မာတရားဆုံးမဩဝါဒကိုဆက်လက်ခံယူကျင့်ဆောင်မှ သူနှစ်သက်တဲ့ခရစ်ယာန်ဖြစ်နေမယ်။ "ထိုအခါယေရှုက၊ သင်တို့သည် ငါ၏ဒေ
သနာ၌တည်လျှင်ငါ့တပည့်အမှန်ဖြစ်ကြ၏။ သမ္မာတရားကိုလည်းသိကြသဖြင့်၊
ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒ လူတို့အား မိန့်တော်မူ၏။" (ယော ၈း၃၁-၃၂)

ယနေ့ကြီးပွါးရန်အခြေခံ - ကျွန်ုပ်တို့အသက်တာသည် နေ့စဥ်ဘုရားသခင်၏ဦးဆောင်မှုကိုရရန် ကျမ်းစာမှဆုံးမဩဝါဒကိုဆက်လက်ခံယူရမည်။

ဓမ္မဟောင်းကျမ်းကိုဖတ်ရန် - ဓမ္မရာဇဝင်ပဌမစောင် ၇-၉။
ဓမ္မသစ်ကျမ်းကိုဖတ်ရန် - ရှင်လုကာခရစ်ဝင် ၉း၁၈-၃၆။

05/04/2025

ကျမ်းစာတွင်နေ့စဉ် -
"တိုက်တွန်းသွေးဆောင်ပါ။"
တနင်္ဂနွေနေ့၊ ဧပြီလ ၆၊ ၂၀၂၅။
စာရေးသူ - ဆရာ ပီတာယုဒသန်

ထိုမှတပါးသဘောမဖြောင့်သော ဤအမျိုးမှ ကယ်တင်ခြင်းသို့ ရောက်ကြလော့ဟူ၍ အထူးထူး အပြားပြားသောစကားနှင့် သက်သေခံ၍ တိုက်တွန်းသွေးဆောင်လေ၏။ ထိုစကားကို အသင့်နှလုံးသွင်းမိသော သူတို့သည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့
၌အရေအတွက်အားဖြင့် သုံး ထောင်မျှလောက်သော သူတို့သည်ဝင်ကြ၏။
တမန်တော်ဝတ္ထု ၂း၄၀-၄၁

ခရစ်ယာန်ဖြစ်တဲ့ကျွန်ုပ်တို့အားလုံးဟာ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာဖြစ်တဲ့သခင်ယေရှုရဲ့ကယ်တင်ခြင်းအကြောင်းကိုအချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ
တိုက်တွန်းသွေးဆောင်ရမယ့်တာဝန်ကိုယ်စီရှိကြတယ်။ ကြိုးစားလုပ်ဆောင်ရမှာကိုသိရက်နဲ့ မလုပ်ဆောင်ဘဲနေရင်တော့ လောကသားတွေရဲ့အကျင့်စရိုက်တွေခရစ်ယာန်မှာရှိနေတာကိုကြည့်ပြီး သူတို့က်ိုလက်ညှိုးထိုးစွပ်စွဲလို့မရဘူး။
Charles Spurgeon က "ငါယုံကြည်နေတဲ့အကြောင်းအရင်းတခုက မျက်မှောက်ခေတ်ဘုရားသခင်ရဲ့အသင်းတော်ဟာ ဤလောကကိုအနည်းငယ်သာလွှမ်းမိုးနိုင်ရခြင်းဟာ ဤလောကကဘဲအသင်းတော်ကိုအများအပြားလွှမ်းမိုးနေလို့ဖြစ်တယ်။" လို့ဖေါ်ပြတာကိုတွေ့ရတယ်။
မှန်ပါတယ်။ ကနဦးခရစ်ယာန်တွေဟာ သူတို့ရဲ့နေ့စဥ်အသက်တာမှာ ခရစ်
တော်ကိုဗဟိုပြုတဲ့အသက်တာနဲ့ရပ်တည်အသက်ရှင်ကြတယ်။ ရောက်ရာအရပ်၊ ရှိရာနေရာမှာ သခင်ယေရှုရဲ့ကယ်တင်ခြင်းအကြောင်းကို ရဲရင့်စွာသက်သေခံတိုက်တွန်းသွေးဆောင်ကြတယ်။ အကျိုးဆက်အနေနဲ့ သုံးထောင်၊ ငါးထောင် စသဖြင့် ယုံကြည်ပြီးသင်းဝင်သူတွေဟာ လျော့နည်းသွားခြင်းမရှိဘဲ တိုးပွါးများ
ပြားတာကိုဘဲတွေ့ရတယ်။ သခင်ယေရှုကိုချစ်တဲ့ကျွန်ုပ်တို့အားလုံးဟာ သူ့ကိုယ်
စား လူအပေါင်းကိုသွေးဆောင်ရမယ်။ ဒါမှဤလောကကိုခရစ်ယာန်တွေအားဖြင့်လွှမ်းမိုးနိုင်မယ်။ "ထို့ကြောင့်ငါတို့သည်ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင်နှင့်မိဿဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏
ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။" (၂ကော ၅း၂၀)

ယနေ့ကြီးပွါးရန်အခြေခံ - ဘုရားသခင်အကြောင်း လူအပေါင်းကိုတိုက်တွန်းသွေးဆောင်သောခရစ်ယာန်များအတွက် ဆုသရဖူအသီးသီးရှိနေသည်။

ဓမ္မဟောင်းကျမ်းကိုဖတ်ရန် - ဓမ္မရာဇဝင်ပဌမစောင် ၄-၆။
ဓမ္မသစ်ကျမ်းကိုဖတ်ရန် - ရှင်လုကာခရစ်ဝင် ၉း၁-၁၇။

05/04/2025

ကျမ်းစာတွင်နေ့စဉ် -
"ခရစ်တော်၏တရားကိုဟောပြောခြင်း"
စနေနေ့၊ ဧပြီလ ၅၊ ၂၀၂၅။
စာရေးသူ - ဆရာ ပီတာယုဒသန်

သို့ဖြစ်၍ အဘယ်သို့နည်း၊ လျှို့ဝှက်၍ ဟောပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ ဟော
ပြောသည်ဖြစ်စေ၊ အဘယ်သို့သောအားဖြင့် ဟောပြောသည်ဖြစ်စေ၊ ခရစ်တော်
၏တရားကိုဟောပြောခြင်းရှိ၏။ ထိုအကြောင်းကြောင့် ငါသည်ယခုဝမ်းမြောက်
၏။ နောင်၌လည်း ဝမ်းမြောက်လိမ့်မည်။
ဖိလိပ္ပိ​ဩဝါဒစာ ၁း၁၈

သခင်ယေရှုကိုချစ်လို့သခင်ယေရှုကယ်တင်ခြင်းကြောင်းကိုဟောကြတဲ့ကမ္ဘာတဝှမ်းလုံးကခရစ်ယာန်တွေဟာ မိမိရှိရာအရပ်မှာသခင်ယေရှုအတွက်အကောင်း
ဆုံးအစေခံရမယ်ဆိုတာကိုယုံကြည်ကြတယ်။ အခုလိုသခင်ယေရှုထံဝိညာဥ်များကိုပို့ဆောင်ခြင်းအလုပ်မှာ ပါဝင်အစေခံလုပ်ဆောင်ကြတဲ့သူအားလုံးအတွက် ဘု
ရားသခင်ကိုကျေးဇူးတင်တယ်။ သာသနာပြုသူအနေဖြင့်၎င်း၊ သင်းအုပ်အနေ
ဖြင့်၎င်း၊ အုပ်ချုပ်သူအနေဖြင့်၎င်း၊ ဝေငှပေးကမ်းသူအနေဖြင့်၎င်း၊ ခေါ်တော်မူခြင်းခံရသူတိုင်း ဝန်ခံရမှာက "ကြီးပွါးစေတော်မူသောဘုရားသခင်သာလျှင်တတ်နိုင်တော်မူ၏။" ဆိုတဲ့အချက်ဘဲဖြစ်တယ်။ လုပ်ကိုင်ပုံကွဲပြားသော်လည်း အခြေခံအုတ်မြစ်တူနေသ၍ ပုဂ္ဂိုလ်ရေးရာနဲ့မရောထည့်သင့်ဘူး။ "ယေရှုက၊ ထိုသူကိုမမြစ်တားကြနှင့်။ သင်တို့ ရန်သူဘက်၌မရှိသောသူသည် သင်တို့ဘက်၌ရှိသည်ဟု မိန့်တော်မူ၏။" (လု ၉း၅၀)
ခရစ်တော်ရဲ့အသွေးတော်အားဖြင့်သန့်ရှင်းသူဖြစ်ခွင့်ရတဲ့ကျွန်ုပ်တို့ဟာ ခရစ်
တော်အားဖြင့်သာဒီမြေကြီးပေါ်မှာလည်းပြည့်စုံနိုင်မှာဖြစ်တဲ့အတွက် ခရစ်တော်ရဲ့တရားကိုဟောတဲ့အခါတိုင်း ဦးတည်ချက်မမှားဘို့လိုအပ်တယ်။ ဟောပြောသက်သေခံသူအနေနဲ့ လျှို့ဝှက်၍ဟောသည်ဖြစ်စေ၊ သစ္စာရှိ၍ဟောသည်ဖြစ်စေ ခရစ်တော်ရဲ့တရားမှာဘဲတန်ခိုးအပြည့်ရှိထားပြီးသားဖြစ်တာကြောင့် အကယ်၍ ရန်တွေ့လိုတဲ့စိတ်နဲ့ဟောခဲ့ရင် ခရစ်တော်ရဲ့တရားကဘာမှမဖြစ်နိုင်ဘဲ ရန်တွေ့လိုတဲ့စိတ်နဲ့ဟောသူအတွက်ဘဲ မကောင်းတဲ့အကျိုးဆက်ကိုခံရမှာဖြစ်တယ်။ ဘုရား
သခင်ရဲ့ကောင်းမြတ်ခြင်းကိုပြသဘို့ ကျွန်ုပ်တို့မှာကောင်းတဲ့သဘောရှိရမှာက
တော့သေချာတယ်။ "ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် မြတ်သလောဟု မေးပြန်သော်။ အလျှင်းမမြတ်။ အကြောင်းမူကား၊ ယုဒလူ၊ ဟေလသလူအ
ပေါင်းတို့သည် အပြစ်ရှိကြောင်းကို အထက်ကပြခဲ့ပြီ။" (ရော ၃း၉)

ယနေ့ကြီးပွါးရန်အခြေခံ - သခင်ယေရှု၏ကယ်တင်ခြင်းတရားကို ဟော​ပြောသက်သေခံသူတိုင်း သမ္မာတရားကိုသာအလေးထားသက်သေခံရမည်။

ဓမ္မဟောင်းကျမ်းကိုဖတ်ရန် - ဓမ္မရာဇဝင်ပဌမစောင် ၁-၃။
ဓမ္မသစ်ကျမ်းကိုဖတ်ရန် - ရှင်လုကာခရစ်ဝင် ၈း၂၆-၅၆။

03/04/2025

ကျမ်းစာတွင်နေ့စဉ် -
"ရူပမျက်စိ"
သောကြာနေ့၊ ဧပြီလ ၄၊ ၂၀၂၅။
စာရေးသူ - ဆရာ ပီတာယုဒသန်

ကိုယ်တော်သည် ရူပမျက်စိရှိတော်မူသလော။ လူမြင်သည်နည်း တူမြင်တော်မူသလော။ ကိုယ်တော်၏နေ့ရက်တို့သည် လူနေ့ရက်ကဲ့သို့ ဖြစ်ပါသလော။ ကိုယ်
တော်၏နှစ်တို့သည် လူယောက်ျား နေ့ရက်ကဲ့သို့ ဖြစ်ပါသလော။
ယောဘဝတ္ထု ၁၀း၄-၅

ဘုရားသခင်ဟာလူကိုသူ့ရဲ့ပုံသဏ္ဍာန်နဲ့တညီတသဏ္ဍာန်တည်းဖန်ဆင်းခဲ့ပြီးသုံးပါးတဆူဖြစ်တဲ့ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဥ်တော်ဟာ ကျွန်ုပ်တို့မှာပါရှိတဲ့ ကိုယ်၊ စိတ်၊ ဝိညာဥ် သုံးမျိုးရှိနေခြင်းနဲ့တူညီတာကိုညွှန်းဆိုတယ်။ သို့သော်လည်း ဘုရားသခင်ဟာဖန်ဆင်းရှင်ဖြစ်ပြီး ကျွန်ုပ်တို့အားလုံးဟာဖန်ဆင်းခံတွေဖြစ်တယ်။ ဘုရားသခင်ဟာသန့်ရှင်းတော်မူပြီးလူဟာအပြစ်နဲ့ပြည့်နေတယ်။ ဘုရားသခင်ဟာအနန္တတန်ခိုးရှင်ဖြစ်ပြီး လူဟာတန်ခိုးမရှိဘူး။ ဘုရား
သခင်ဟာအစဥ်ထာဝရမပြောင်းမလဲတည်ရှိပြီး လူကတော့အခိုးအငွေ့လိုဘဲခဏသာတည်တယ်။ ဆာလံဆရာက ဘုရားသခင်ကိုအခုလိုချီးမွမ်းထားတယ်။ "အိုထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ ဖြစ်တော်မူ၏။ နာမတော်သည် ကာ
လအစဉ်အဆက် တည်ပါ၏။" (ဆာ ၁၀၂း၁၂)
ဘုရားသခင်ရဲ့နေ့ရက်ဟာ လူနေ့ရက်နဲ့မတူသလို သူ့ရဲ့မျက်စိတော်ဟာလည်း လူထက်သာလွန်မြင့်မြတ်တဲ့တန်ခိုးတော်နဲ့ပြည့်နေတယ်။ လူဟာဘုရားသခင်ကိုအားကိုးခိုလှုံရုံမှတပါး ဘာမှမတတ်နိုင်ဘူး။ သူ့ရဲ့ကျေးဇူးပြုခြင်း၊ ချစ်သနားခြင်း၊ မစခြင်းတွေကို လူခပ်သိမ်းဟာခံစားနေကြတာဖြစ်တဲ့အတွက် အခြားမြောက်များစွာသောအမှားဘုရားတွေကို မကိုးကွယ်သင့်ဘဲ လူအားလုံးကိုဖန်
ဆင်းပိုင်သကျေးဇူးပြုတဲ့ ဘုရားကိုသာကိုးကွယ်သင့်တယ်။ "အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူ
ပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့ သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။" (ကော ၁း၁၆)

ယနေ့ကြီးပွါးရန်အခြေခံ - အလုံးစုံကိုသိကျွမ်းတော်မူသောဘုရားသခင်သည် လူကဲ့သို့ကြည့်မှသိမြင်မည်မဟုတ်ဘဲလူကသာသူ့ကိုကြည့်မျှော်အားကိုးသင့်သည်။

ဓမ္မဟောင်းကျမ်းကိုဖတ်ရန် - ရုသဝတ္ထု ၁-၄။
ဓမ္မသစ်ကျမ်းကိုဖတ်ရန် - ရှင်လုကာခရစ်ဝင် ၈း၁-၂၅။

03/04/2025

ကျမ်းစာတွင်နေ့စဉ် -
"သခင့်အဆွေ"
ကြာသပတေးနေ့၊ ဧပြီလ ၃၊ ၂၀၂၅။
စာရေးသူ - ဆရာ ပီတာယုဒသန်

အကြောင်းမူကား၊ ထာဝရဘုရားသည် သဘောကောက်သော သူတို့ကိုစက်ဆုပ်
ရွံရှာတော်မူ၏။ ဖြောင့် မတ်သောသူတို့မူကား၊ ကိုယ်တော်နှင့်မိဿဟာယ ဖွဲ့ရ သောအခွင့်ရှိကြ၏။
သုတ္တံကျမ်း ၃း၃၂

ဘုရားသခင်ဟာ သူဖန်ဆင်းထားတဲ့လူခပ်သိမ်းကိုတဖက်သက်မေတ္တာနဲ့ချစ်တော်မူတယ်။ ဒါကြောင့်တပါးတည်းသောသားတော်ကိုဤလောကသို့စေလွှတ်ပြီး လက်ဝါးကပ်တိုင်မှာအသေခံခြင်းဖြင့် လူခပ်သိမ်းကယ်တင်ခြင်းရနိုင်ရန်ကယ်တင်ခြင်းလမ်းတံခါးကိုဖွင့်ထားတယ်။ သို့သော်လည်း သူ့ရဲ့မေတ္တာတော်ကိုငြင်းဆန်သူဖြစ်တဲ့ သဘောကောက်သောသူကိုတော့စက်ဆုပ်ရွံရှာတော်မူတယ်။
ဘုရားသခင်ကအရင်ချစ်ပေမယ့်သူတို့ကငြင်းဆန်လို့အကျိုးဆက်ကိုခံရတာဖြစ်တယ်။ ဖြောင့်မတ်သောသူဟာ ထာဝရဘုရားကိုကြောက်ရွံ့သောသူလို့ ဆာလံဆရာကတော့အဓိပ္ပါယ်ဖွင့်ဆိုထားတယ်။ "ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့သည် ကိုယ်တော်မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ်တရားတော်ကို သိရသော အခွင့်ရှိကြ၏။" (ဆာ ၂၅း၁၄)
သားတော်သခင်ယေရှုကိုမိမိရဲ့ကယ်တင်ပိုင်ရှင်သခင်ဘုရားအဖြစ်လက်ခံယုံကြည်သူတိုင်းဟာ ဘုရားသခင်ရဲ့သားသမီးဖြစ်ခွင့်ရတဲ့အပြင် သူ့ရဲ့အဆွေဖြစ်ခွင့်နဲ့ သူပြုတော်မူတဲ့အမှုတွေကိုပါ အခွင့်အနေနဲ့သိခွင့်ရတယ်။ သခင်ယေရှုရဲ့စကားတော်ကိုသတိရပါ။ "ယခုမှစ၍ ငါသည်သင်တို့ကို ကျွန်ဟူ၍မခေါ်။ ကျွန်မူကား၊ ကိုယ်သခင်ပြုသောအမှုကိုမသိ။ သင် တို့ကို အဆွေဟူ၍ငါခေါ်၏။ အ
ကြောင်းမူကား၊ ငါသည် ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့ အား ငါပြသ၏။" (ယော ၁၅း၁၅)

ယနေ့ကြီးပွါးရန်အခြေခံ - သခင့်အဆွေဖြစ်ခွင့်ရရန် သဘောကောက်သူဖြစ်၍မရဘဲ ဖြောင့်မတ်သောသူဖြစ်မှရမည်။

ဓမ္မဟောင်းကျမ်းကိုဖတ်ရန် - တရားသူကြီးမှတ်စာ ၁၉-၂၁။
ဓမ္မသစ်ကျမ်းကိုဖတ်ရန် - ရှင်လုကာခရစ်ဝင် ၇း၃၁-၅၀။

02/04/2025

ကျမ်းစာတွင်နေ့စဉ် -
"ငါ့ကြောင့်စိတ်မပျက်သောသူ"
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၂၊ ၂၀၂၅။
စာရေးသူ - ဆရာ ပီတာယုဒသန်

ထိုအခါယေရှုက၊ သင်တို့သည်ကြားရသမျှ၊ မြင်ရသမျှတို့ကိုသွား၍ ယောဟန်အား ကြားလျှောက်ကြ လော့။ မျက်စိကန်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ရောက်ရကြ၏။ နားပင်သောသူတို့သည် နားကြားရကြ၏။ သေသောသူတို့
သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်းဝမ်းမြောက်စရာ သိတင်းကိုကြားရကြ၏။ ငါ့ကြောင့်စိတ်မပျက်သောသူ သည် မင်္ဂလာရှိ၏
ဟု ပြန်ပြောတော်မူ၏။
ရှင်လုကာခရစ်ဝင် ၇း၂၂-၂၃

သခင်ယေရှုဟာသူ့ထံလာမေးတဲ့ ယောဟန်ရဲ့တပည့်တွေကို ဟောပြောခြင်း၊ ပရောဖက်ပြုခြင်းတွေနဲ့မပေးလိုက်ဘဲ သူဟာမေရှိယဖြစ်ကြောင်းတန်ခိုးတော်နဲ့ပြုတော်မူတဲ့အရာတွေကို အခုကြားမြင်သမျှနဲ့ပြန်ပြောပြဘို့ဘဲလုပ်ဆောင်တော်မူတယ်။ မှန်ပါတယ်။ သခင်ယေရှုဟာ လောကီနိုင်ငံရေးနဲ့ဆိုင်တဲ့နိုင်ငံတော်ကိုတည်ထောင်ဘို့ကြွလာတာမဟုတ်ဘဲ တန်ခိုးတော်နဲ့ဘုရားသခင်၏နိုင်ငံတော်ကိုတည်ထောင်ဘို့ကြွလာတာဖြစ်တယ်။ သခင့်ရဲ့လုပ်ဆောင်နေခြင်းကိုဘယ်လိုအကြောင်းပြချက်နဲ့ဘဲဖြစ်ဖြစ် သံသယဝင်နေရင်တော့သခင်ယေရှုဟာ သူ့ကိုယုံကြည်တဲ့သားသမီးတွေကို သမ္မာတရားနဲ့အညီသွန်သင်ပေးတယ်။ "စိတ်မပျက်သောသူ" ဆိုတာဟာ "ကဲ့ရဲ့ပြစ်တင်စရာဖြစ်ရန်မလုပ်သူ" လို့လည်းအဓိပ္ပါယ်ရတယ်။ သခင်ယေရှုကိုကျွန်ုပ်တို့သံသယမဝင်သင့်ဘဲ သူသာကျွန်ုပ်တို့ကိုသံသယဝင်ရမှာဖြစ်တယ်။ ကျွန်ုပ်တို့အနေနဲ့သခင်ယေရှုကိုပိုယုံကြည်ဘို့သာလိုအပ်တယ်။
"အသင်းတော်ဟာဒီလောကကြီးကိုမပြောင်းလဲနိုင်​ပါဘူး။"ဆိုပြီးလူအမြောက်အများဟာ မျက်မှောက်စီးပွါးရေး၊ နိုင်ငံရေး၊ လူအဖွဲ့အစည်းမှာရှိနေတဲ့ လူမှုရေးရာပြသနာတွေကိုအခြေခံပြီး ကဲ့ရဲ့ရှုတ်ချကြတယ်။ သို့သော် ဘုရားသခင်ဟာသူ့ရဲ့နိုင်ငံတော်အတွက် လူတဦးချင်းအလိုက်ပြောင်းလဲပေးနေတာကို သူတို့မေ့နေပြီးအပြစ်တင်ဘို့အလွန်ဆန္ဒစောကြတာကိုဘဲတွေ့ရတယ်။ သမိုင်းတလျှောက်
လုံးကိုကြည့်ရင် အသင်းတော်ဟာ လူသားဝါဒဘက်ကိုလိုက်လို့ကျရှုံးရာက ပြု
ပြင်ပြောင်းလဲသူတွေအားဖြင့် ဘုရားသခင်ထံတဖန်ပြန်လှည့်လာကြတာကိုတွေ့ရတယ်။ ပြုပြင်ပြောင်းလဲသူတွေကလည်းသမ္မာတရားကိုဆက်လက်အခြေခံမှ ဘု
ရားသခင်ရဲ့ဘုန်းတော်ထင်ရှားနိုင်မယ်။ "ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော်အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသော အရာဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ် အားဖြင့်သာ ပိုင်းခြား၍နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလည်နိုင်။" (၁ကော ၂း၁၄)

ယနေ့ကြီးပွါးရန်အခြေခံ - ဧဝံဂေလိဟောခြင်းဖြင့်သာဤလောကကိုပြောင်းလဲနိုင်သောကြောင့် သခင့်နည်းဥပဒေသကိုစိတ်မပျက်သင့်ပါ။

ဓမ္မဟောင်းကျမ်းကိုဖတ်ရန် - တရားသူကြီးမှတ်စာ ၁၆-၁၈။
ဓမ္မသစ်ကျမ်းကိုဖတ်ရန် - ရှင်လုကာခရစ်ဝင် ၇း၁-၃၀။

31/03/2025

ကျမ်းစာတွင်နေ့စဉ် -
"ငါ့စကား"
အင်္ဂါနေ့၊ ဧပြီလ ၁၊ ၂၀၂၅။
စာရေးသူ - ဆရာ ပီတာယုဒသန်

ငါ့စကားကိုကြား၍နားမထောင်သောသူမူကား၊ အခုအခံမရှိဘဲ မြေပေါ်မှာ တိုက်ကိုတည်သောသူနှင့် တူ၏။ ရေစီး၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ၊ ချက်ခြင်းလဲ၍ အကုန်အစင်ပြိုပျက်လေသည်ဟု ဟောတော်မူ ၏။
ရှင်လုကာခရစ်ဝင် ၆း၄၉

သခင်ယေရှုရဲ့စကားတော်ဟာထာဝရတန်ခိုးတော်နဲ့ပြည့်နေပြီး ထာဝရမှန်
ကန်တဲ့စကားတော်လည်းဖြစ်တယ်။ အခိုးအငွေ့နဲ့တူတဲ့လူအနေနဲ့ သူ့ရဲ့ထာဝရစကားတော်ကိုကြားရတာဟာအခွင့်ထူးဖြစ်ပြီး လူတိုင်းကြားဘို့လိုအပ်တယ်။ ကြားရမှလည်းယုံကြည်နိုင်မှာဖြစ်တယ်။ "သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့်ဖြစ်၏။" (ရော ၁၀း၁၇) သို့သော်လည်း ကြားရုံတမျိုးတည်းနဲ့မလုံလောက်ဘဲကြားပြီးနားထောင်လုပ်ဆောင်ခြင်းရှိမှ ပျက်စီးခြင်းမရောက်မှာဖြစ်တယ်။
ဒီအမှန်တရားကို ယုံကြည်သူခရစ်ယာန်တွေဟာလည်း လက်တွေ့ကျင့်သုံးလုပ်ဆောင်ဘို့လိုအပ်တယ်။ ဘုရားစကားတော်ကို ကိုယ်တိုင်လေ့လာဖတ်ရှုခြင်းဖြင့်သော်၎င်း၊ ဒေသနာကိုနာယူခြင်းဖြင့်သော်၎င်း၊ ကျွန်ုပ်တို့ကြားသိရပေမယ့် နားထောင်လိုက်လျှောက်ခြင်းရှိမှအကျိုးသက်ရောက်နိုင်မယ်။ George Muller က "အရင်ကထက်ငါအခုပိုသိမြင်လာတာကဘာလဲဆိုရင် ငါ့ဝိညာဥ်ဟာသခင်
၌နေ့စဥ်ဝမ်းမြောက်ခြင်းရှိဘို့ဘဲဖြစ်တယ်။ ဘုရားသခင်အတွက်ငါဘယ်လောက်အစေခံနိုင်မလဲ၊ သူ့ရဲ့ဘုန်းတော်ဘယ်လိုထင်ရှားအောင်ဘယ်လိုလုပ်ရမလဲ ဆိုတာတွေနဲ့ အရင်ဆုံးစိတ်ပူရမှာမဟုတ်ဘဲ ငါ့ဝိညာဥ်ဝမ်းမြောက်ခြင်းရှိရန်ဘယ်လိုလုပ်ရမလဲ၊ ငါ့ရဲ့အတွင်းလူကိုခွန်အားနဲ့ဘယ်လိုပြည့်စေရမလဲဆိုတာတွေဖြစ်တယ်။ အရေးအကြီးဆုံးငါလုပ်ရမယ့်အချက်က ဘုရားသခင်ရဲ့စကားတော်ကိုနေ့တိုင်းဖတ်ပြီးနှလုံးသွင်းဆင်ခြင်ဘို့ဖြစ်တယ်။" လို့ပြောတယ်။ သခင့်စကားတော်ကိုနားမထောင်ဘဲ သခင်လို့ခေါ်တာအကျိုးမရှိဘူး။ "ငါ့စကားကို နားမထောင်ဘဲလျက်၊ ငါ့ကိုသခင်၊ သခင်ဟု အဘယ်ကြောင့်ခေါ်ကြသနည်း။" (လု ၆း၄၆)

ယနေ့ကြီးပွါးရန်အခြေခံ - သခင်ယေရှု၏စကားတော်ကို လူခပ်သိမ်းကြားနိုင်
ရန်နှင့်နားထောင်နိုင်ရန် ခရစ်ယာန်တိုင်းတာဝန်ယူဝေငှရမည်။

ဓမ္မဟောင်းကျမ်းကိုဖတ်ရန် - တရားသူကြီးမှတ်စာ ၁၃-၁၅။
ဓမ္မသစ်ကျမ်းကိုဖတ်ရန် - ရှင်လုကာခရစ်ဝင် ၆း၂၇-၄၉။

30/03/2025

ကျမ်းစာတွင်နေ့စဉ် -
"မြေတပြင်လုံး၌နေသောလူအပေါင်း"
တနင်္လာနေ့၊ မတ်လ ၃၁၊ ၂၀၂၅။
စာရေးသူ - ဆရာ ပီတာယုဒသန်

သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်၊ ထိုနေ့ရက်သည် အမှတ်တမဲ့သင်တို့နှင့် တွေ့ကြုံလိမ့်မည်။ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ မြေတပြင်လုံး၌နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။
ရှင်လုကာခရစ်ဝင် ၂၁း၃၄-၃၅

ကျွန်ုပ်တို့ဟာ ဘုရားသားသမီးတယောက်အဖြစ်ဤလောက၌အသက်ရှင်နေ
စဥ် လောကီမှုရေးများနဲ့နေ့စဥ်ရုန်းကန်လှုပ်ရှားနေရတဲ့အတွက် သတိမထားရင်မထားသလိုကျွန်ုပ်တို့ရဲ့ဝိညာဥ်ရေးကိုပါထိခိုက်ဘို့ အလွန်လွယ်ကူတာကိုတွေ့ရတယ်။ Charle Spurgeon က "အကယ်၍သင်ဟာ ဘုရားသခင်ထက်တစုံတရာကိုပိုချစ်နေရင် သင်ဟာရုပ်တုဆင်းတုကိုးကွယ်သူဖြစ်နေမယ်။ အကယ်၍ ဘုရား
သခင်အတွက်တစုံတရာအရှုံးမပေးဘူးဆိုရင် အဲဒီအရာဟာသင့်ရဲ့ရုပ်တုဆင်းတုဖြစ်နေမယ်။ အကယ်၍ ဘုရားသခင်ရဲ့ဘုန်းတော်ထက် အခြားအရာတွေကိုစိတ်
ထက်သန်နေရင် အဲဒီအရာဟာသင့်ရဲ့ရုပ်တုဆင်းတုဖြစ်နေမယ်။ ပြောင်းလဲခြင်းရဲ့အဓိပ္ပါယ်ဟာ ရုပ်တုဆင်းတုတိုင်းကိုထားခဲ့၍လှည့်လာခြင်းဖြစ်တယ်။" လို့ဖေါ်ပြထားတယ်။
သခင်ယေရှုရဲ့ကြိုတင်သတိပေးမိန့်မှာချက်ကတော့ သူပြန်ကြွလာမယ့် "ထိုနေ့ရက်" ဟာ အမှန်တကယ်ရောက်လာမယ်။ အမှတ်တမဲ့ရောက်လာမယ့်အပြင်လူအပေါင်းကိုအုပ်မိမယ်။ အဲဒီနေ့နဲ့အနီးစပ်ဆုံးအရာတွေကိုလည်းသခင်ယေရှုကြိုပြောခဲ့တာကိုကြည့်ပါ။ "ထိုမှတပါး၊ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ ရန်
ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်းတို့သည်ဖြစ်ကြလိမ့်မည်။ မိုဃ်းကောင်းကင်၌လည်း
ကြောက်မက်ဘွယ်သောအရာနှင့် ကြီးစွာသောပုပ္ပနိမိတ်တို့သည်ပေါ်ထွန်းကြလိမ့်မည်။" (လု ၂၁း၁၀-၁၁) အဖြေကတော့ ဒီအရာတွေကိုကြောက်နေဘို့ထက် အဲဒီအရာတွေကိုထိန်းချုပ်စီမံနေတဲ့သခင်ယေရှုပေးနေတဲ့ကယ်တင်ခြင်းကိုရယူဘို့ဖြစ်တယ်။ ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာရှင်ဖြစ်တော်မူတယ်။

ယနေ့ကြီးပွါးရန်အခြေခံ - လူအပေါင်းကိုတဖက်သတ်မေတ္တာနဲ့ချစ်တော်မူတဲ့ဘု
ရားသခင်ဟာ သားတော်သခင်ယေရှုအားဖြင့်ကျေးဇူးပြုလျက်ရှိနေတယ်။

ဓမ္မဟောင်းကျမ်းကိုဖတ်ရန် - တရားသူကြီးမှတ်စာ ၁၁-၁၂။
ဓမ္မသစ်ကျမ်းကိုဖတ်ရန် - ရှင်လုကာခရစ်ဝင် ၆း၁-၂၆။

Address

အမှတ် ၂၄၁ ကြာအင်းကျေးရွာအနောက်ပိုင်း
Mawlamyine

Opening Hours

Wednesday 15:00 - 16:00
Sunday 09:30 - 14:00

Alerts

Be the first to know and let us send you an email when Mawlamyine Baptist Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category