24/08/2026
Monday 24 August 2026
သြဂုတ်လ ၂၄ ရက်နေ့၊ ၂၀၂၆၊ တနင်္လာနေ့၊ သာမန်ကာလ ၂၁ ပတ်မြောက်
Saint Bartholomew, Apostle - Feast
(ယောဟန် 1:45-51, ကက်သလစ်သမ္မာကျမ်းစာ CBCM)
“45. ဖိလိပုသည် နာသာနာအဲလ်ကိုတွေ့လျှင် ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းတို့တွင် မိုးဇက်ရည်ညွန်းရေးသားခဲ့သော သူဖြစ်သည့် ဂျိုးဇက်၏သား၊ နာဇရက်မြို့သားယေဇူးကို ငါတို့တွေ့ခဲ့ကြပြီဟုဆို၏။
- 46. နာသာနာအဲလ်ကလည်း နာဇရက်မြို့မှကောင်းသော အရာတစ်စုံတစ်ခုပေါ် ထွက်လာနိုင်သလောဟု သူ့အားမေးလျှင် ဖိလိပုက လာ၍ကြည့်လော့ဟု ဆိုလေ၏။
- 47. ယေဇူးသည် မိမိထံသို့ နာသာနာအဲလ် လာနေသည်ကိုမြင်လျှင် ကောက်ကျစ်စဉ်းလဲခြင်းနှင့်ကင်းသော အစ္စရာအဲလ် အမျိုးသားစင်စစ် ကို ကြည့်ကြလော့ဟု သူ့အား ရည်ညွန်း၍ မိန့်တော်မူ၏။
- 48. နာသာနာအဲလ်ကလည်း ကိုယ်တော်သည် အကျွန်ုပ်ကို မည်ကဲ့သို့ သိတော်မူပါသနည်းဟု မေးလျှောက်လျှင် ယေဇူးက သင့်အား ဖိလိပုမခေါ်မီ သင်သည် တည်ပင်အောက်၌ ရှိနေစဉ်ကပင် သင့်ကို ငါမြင်သည်ဟု သူ့အား ပြန်ပြောတော်မူ၏။
- 49. နာသာနာအဲလ်က ရာဘီ၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်တော်မူပါသည်။ ကိုယ်တော်သည် အစ္စရာအဲလ် လူမျိုးတို့၏ဘုရင်လည်း ဖြစ်တော်မူပါသည်ဟု လျှောက်လေ၏။
- 50. ယေဇူးကလည်း သင့်ကို တည်ပင်အောက်၌ မြင်ရသည်ဟု သင့်အား ငါပြောသောကြောင့် သင်ယုံကြည်သလော။ ယခု ထက်ပို၍ ကြီးမြတ်သောအရာတို့ကို သင်မြင်ရလိမ့်မည်ဟု သူ့အား မိန့်တော်မူ၏။
- 51. ထို့နောက် ကိုယ်တော်က သင်တို့အား ငါအမှန်ဆိုသည်ကား ကောင်းကင်ပွင့်နေသည်ကိုလည်းကောင်း၊ လူသား၏အပေါ် ၌ ဘုရားသခင်၏ ကောင်းကင်တမန်တော်များ ဆင်းလျက် တက်လျက် ရှိနေကြသည်ကိုလည်းကောင်း သင်တို့မြင်ကြရလိမ့် မည်ဟု သူ့အား မိန့်တော်မူ၏။”
==========
ထောက်ရှုချက်
🙏🙏- ဘုရားသခင်ကို ကိုယ်တိုင်ထိတွေ့ သိမြင်ယုံကြည်လာခြင်း
👨⚕️- နာသာနာအဲလ်က
♥ " ရာဘီ၊ ကိုယ်တော်သည်
ဘုရားသခင်၏သားတော် ဖြစ်တော်မူပါသည်။
ကိုယ်တော်သည် အစ္စရာအဲလ်လူမျိုးတို့၏
ဘုရင်လည်း ဖြစ်တော်မူပါသည်"။
(ယောဟန် 1:49)
- နာသာနာအဲက ဖိလိပုပြောတာကိုမယုံခဲ့ပါဘူး၊
ယေဇူးသခင်ကို ကိုယ်တိုင်တွေ့ဆုံခွင့်၊
ထိတွေ့ခံစားခွင့် ရတဲ့အခါမှသာ
သိမြင်ယုံကြည်လာခဲ့ပါတယ်။
👉- ဖိလိပုရဲ့ လုပ်နေတဲ့အလုပ်က
ကျွန်ုပ်တို့ဘုန်းတော်ကြီးတွေတရားဟောတာနဲ့
နှိုင်းယှဥ်နိုင်ပါတယ်။
- ဖိလိပုဟာ ယေဇူးသခင်ကို
ကိုယ်တိုင်ထိတွေ့ ခွင့်ရရှိခဲ့ပြီးသိမြင်လာခဲ့ပါတယ်။
သို့သော် -
- သူကိုယ်တိုင်ထိတွေ့သိမြင်ခဲ့တဲ့
ယေဇူးသခင်အကြောင်းကို
နာသာနာအဲလ်ကိုပြော့တဲ့အခါ
နာသာနာအဲလ်က မယုံခဲ့ပါဘူး။
- ဒီနေရာမှာ ကျွန်ုပ်တို့တရားဟောပုဂ္ဂိုလ်များနားလည်ရမှာက
ကျွန်ုပ်တို့ဘယ်လောက်နားလည်သိမြင်ပြီး
ဘယ်လောက်ပဲ အဟောအပြော ကောင်းကောင်း၊
တရားနားထောင်သူက မိမိတို့ကြားခဲ့ရတဲ့ဘုရားသခင်နဲ့
ထိတွေခံစားမှုမရနိုင်သေးဘူးဆိုတဲ့အချက်ပါပဲ။
- တရားဟောကောင်းသူရဲ့ဟောပြောမှုတွေကို
ကြားနာကြတဲ့အခါ တရားနားထောင်သူတွေ
ပထမထိတွေ့ခံစားသွားရမှာကတော့
ဟောပြောသူရဲ့အရည်အချင်းနဲ့
သူ့အားအထင်ကြီးလေးစားခြင်းပါပဲ။
- ယေဇူးသခင်ကိုထိတွေခံစားရတာ မဟုတ်သေးပါဘူး။
- ဆရာတော်ဖူတန်ဂျေရှင်းရဲ့
စကားလေးသဘောကျတယ်၊
" ပညာရှိက မိုးကောင်းကင်ကလမင်းကိုညွန်ပြတယ်၊
အရူးကညွန်ပြနေတဲ့လက်ညိုးကိုပဲမြင်တယ်" တဲ့။
- အချို့သောယုံကြည်သူများက နာမည်ကြီးသူ၊
တရားဟောကောင်းသူတွေရဲ့နောက်ကိုလိုက်ကြတယ်၊
ယေဇူးသခင်ကို ထိတွေသိမြင်လာလို့မဟုတ်ပါဘူး၊
ဟောပြောသောပုဂ္ဂိုလ်ကိုပဲ နှစ်သက်ချစ်ခင်သွားတဲ့အတွက်ဖြစ်ပါတယ်။
👉 - ဟောပြောသူများဟာ တရားနားထောင်သူများ
ယေဇူးခရစ်တော်ကိုထိတွေခံစားနိုင်ရအောင်
ဘာလုပ်ဖို့လိုမလဲ။
- ဖိလိပုရဲ့ လုပ်ဆောင်ချက်ကိုပဲအတုယူရပါလိမ့်မယ်။
👨💼- ဖိလိပုက "လာ၍ကြည့်လော့" ဟု ဆိုလေ၏။
(ယောဟန် 1:46)
- ဖိလိပုက နာသာနာအဲလ်ကို ယေဇူးခရစ်တော်ဆီကို
ရောက်အောင်ခေါ်သွားနိုင်ခဲ့ပါတယ်။
- နာသာနာအဲလ်ကလည်း ယေဇူးခရစ်တော်ကို
ကိုယ်တိုင်တွေဆုံစကားပြောခွင့်ရရှိခဲ့ပြီး
သိမြင်ယုံကြည်ခွင့်ရရှိသွားခဲ့ပါတယ်။
👨- နာသာနာအဲလ် ပြောခဲ့တဲ့နောက်ဆုံးစကားလေးကတော့
♥ "ရာဘီ၊ ကိုယ်တော်သည်
ဘုရားသခင်၏သားတော် ဖြစ်တော်မူပါသည်။
ကိုယ်တော်သည် အစ္စရာအဲလ်လူမျိုးတို့၏ဘုရင်လည်း
ဖြစ်တော်မူပါသည်။" ဟူ၍ဖြစ်ပါတယ်။
- ဖိလိပုလုပ်ဆောင်ခဲ့တဲ့ အလုပ်ဟာ
ဧဝံဂေလိ တရားဟောသူတိုင်း
လုပ်ဆောင်ရမည့်အလုပ်ဖြစ်ပါတယ်။
- မိမိနာမည်ကြီးလာဖို့၊ မိမိနောက်ကိုလူတွေလိုက်လာဖို့၊
မိမိအကျိုးအတွက်ဟောပြောရမှာမဟုတ်ပဲ၊
- ယုံကြည်သူတွေခရစ်တော်ကိုတွေမြင်ပြီး၊
ခရစ်တော်နောက်သို့ လိုက်ကြဖို့သာ ဟောပြောကြရမှာဖြစ်ပါတယ်။
* ကျွန်ုပ်တို့ သမ္မာကျမ်းစာ တမန်တော်လုပ်ငန်းမှာ
ကျမ်းစာဝေမျှခြင်းတွေလုပ်ပေးနေတဲ့အကြောင်းကတော့
ယေဇူးသခင်ကို ကိုယ်တိုင်ထိတွေခံစားနိုင်ဖို့ပဲဖြစ်ပါတယ်။
- ဖိလိပုလုပ်ခဲ့တဲ့ နုတ်ကပတ်တော်ဟောပြောပုံအတိုင်းပါပဲ။
- ကိုယ်တိုင်ဟောပြောပေးသလို
ယုံကြည်သူများကိုယ်တိုင်လည်းထိတွေခံစားနိုင်ဖို့
ကူညီပေးနေတာဖြစ်ပါတယ်။
၁) တရားဟောပုဂ္ဂိုလ်များသည်
ယုံကြည့သူများအားယေဇူးသခင်ထံရောက်အောင်
ခေါ်ဆောင်သွားနိုင်ပါရဲ့လား။
၂) ယုံကြည်သူများသည်လည်း တရားနာတာနဲ့ကျေနပ်နေပြီး
မိမိကိုယ်တိုင်ယေဇူးသခင်နဲ့ ဆုံတွေ့
သိမြင်ယုံကြည်လာဖို့ ကြိုးစားပါရဲ့လား။
၃) "ကိုယ်တော်သည် ဘုရားသခင်၏သားတော်
ဖြစ်တော်မူပါသည်" လို့ ကျွန်ုပ်၏
နှလုံးသားထဲမှခံစားပြီးပြောနိုင်ပါပြီလား။