07/01/2026
⚜️ ဒကာ၊ ဒကာမတွေ သတိပြုသင့်တယ် ⚜️
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ဒကာ၊ ဒကာမတွေ သတိပြုသင့်တယ်။
ဘုန်းကြီးနဲ့ပဲ ဆိုင်တာမဟုတ်ဘူး၊ လူတွေနဲ့လဲ ဆိုင်တယ်။ ဘယ်လို ဆိုင်သလဲဆိုတော့ ဆရာတော်ကြီးတွေကို ပြောဆိုတဲ့အခါမှာ ဘွဲ့နာမည် ဆရာတော်ကြီးတွေ ရှေ့မှာ မခေါ်ရဘူး။ အဲဒါ ရိုင်းစိုင်းတယ်လို့ ခေါ်တယ်။ အရှင်ဦးတိဿတို့ မသုံးရဘူး၊ ဆရာတော်ကြီးတွေ ရှေ့မှာ နာမည်ကိုမခေါ်ရဘူး။ ကျောင်းနာမည်နဲ့ တွဲသုံးရတယ်ပေါ့။ ဥပမာ - မဟာဂန္ဓာရုံဆရာတော်တို့ ခေါ်ရတယ်၊ အရှင်ဇနကာဘိဝံသလို့ ဒီလိုမျိုး နာမည်ကို ထည့်တွက်မခေါ်ရဘူး။ အဲဒါ ကလေးကလား၊ မရိုမသေရာ ရောက်တယ်ပေါ့။ ကိုယ့်ထက် ရိုသေလေးစားထိုက်တဲ့ပုဂ္ဂိုလ်ကို နာမည်မသုံးရဘူး။ ဒါကြောင့် ဦးဇင်းတို့ ကမ္မဝါစာတွေ ဖတ်တဲ့အခါမှာ ရဟန်းခံ ကမ္မဝါစာတွေ ဖတ်ပြီဆိုရင် ဥပဇ္ဇယ်ဆရာရဲ့ မူရင်းနာမည်နဲ့ ကမ္မဝါစာတွေ မဖတ်ကြဘူး။ ရိုသေလေးစားတဲ့အနေနဲ့ ဥပဇ္ဇယ်ဆရာရဲ့နာမည်ကို ပြောင်းတယ်ပေါ့။ ကမ္မဝါစာဖတ်တဲ့အခါမှာ တိဿလို့ နာမည်ကလေးပြောင်းဖတ်လိုက်တယ်။ အဲဒါ ဘာလည်းဆိုတော့ ဆရာသမားကို ရိုသေလေးစားတဲ့အနေနဲ့။ ဒါကြောင့် ဒကာ၊ ဒကာမတွေလည်းပဲ ဆရာတော်ကြီးတွေကို ဘွဲ့နာမည်တပ်ပြီး မခေါ်ရဘူး။ ကျောင်းနာမည်နဲ့ တွဲသုံး၊ မြို့နာမည်နဲ့ တွဲသုံး၊ ရွာနာမည်နဲ့ တွဲသုံး။ မဟာဂန္ဓာရုံဆရာတော်၊ ဖားအောက်ဆရာတော်၊ ဒီလိုမျိုး ဝိသုဒ္ဓါရုံဆရာတော်၊ ရွှေကျင်ဆရာတော် ဒီလိုမျိုးတွဲသုံးရတယ်။ နာမည်ကို မခေါ်ရဘူး။ အရှင်ဇနကာဘိဝံသ စသည်ဖြင့် နာမည်တွေ ထည့်မသုံးရဘူး။ သတိပြုရမှာ ဖြစ်တယ်ပေါ့။ နာမည်တွေကိုသုံးတဲ့ဆိုတာ အဂါရဝဖြစ်တယ်ပေါ့။ အဲဒါလေးကို သတိပြုဖို့လိုတယ်။ ရဟန်းတော်တွေကို မြတ်စွာဘုရားက အဲဒါကိုပြောဝာာ။ အကြီးက အငယ်ကို ခေါ်တဲ့အခါကျတော့ နာမည်တပ်ပြီး ခေါ်ခွင့်ရှိတယ်။ အငယ်ကကျတော့ အကြီးကို နာမည်တပ်ပြီး မသုံးနဲ့။ ဘန္တေ - ဘုန်းကြီးလို့ သုံး၊ အရှင်ဘုရားလို့ သုံး။ ဒီကနေ့ခေတ်မှာလည်း ဒကာ၊ ဒကာမတွေ ခေါ်ကြတယ်မလား။ အရှင်ဘုရားတို့၊ ဘုန်းကြီးဘုရားတို့၊ ဘုန်းဘုန်းဘုရားတို့ ဒီလိုသုံးကြတာပဲ။ ဒီကနေ့ခေတ်မှာ။ အဲဒါတွေဟာ အသုံးအနှုန်း မှန်တာတွေပဲပေါ့။ ဦးပဉ္စင်း၊ ကိုရင်၊ အရှင်ဘုရား ဒီလိုသုံးရတယ်။ နာမည်ကို မခေါ်ရဘူး။ နာမည်ခေါ်ဝာာ ရိုင်းစိုင်းတယ်ပေါ့။
အရှင်အဘယာလင်္ကာရ ( မဟာဝိဟာရဝါသီ )
ဟောကြားတော်မူသော
အနာဂတ်သာသနာရေးတရားတော် အပိုင်း (၂၁)
ထုတ်နှုတ်ရေးသားပူဇော်ခြင်း ဖြစ်ပါသည်။