13/02/2026
သတိရှိပါ
သောကြာနေ့ | ဖေဖော်ဝါရီလ (၁၃) ရက်
နေ့စဉ်ခွန်အားဖတ်ရန် ။ ။ https://myanmar-odb.org/2026/02/13/be-careful
မြန်မာဘာသာဖြင့် သမ္မာကျမ်းစာဖတ်ရန် ။ ။ https://odb-ministries.org/bible/mm/read.php?v=mm&b=james4:1-10
ဖတ်ရန် ယာကုပ်သြဝါဒစာ ၄:၁-၁၀ | သမ္မာကျမ်းစာတစ်နှစ်တာ ဝတ် ၁၄ နှင့် မ ၂၆:၅၁-၇၅
ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။ [ ယာ ၄:၇ ]
နှစ်ပေါင်းများစွာ ရုန်းကန်ဆုတောင်းအော်ဟစ်ပြီးနောက် ဖရန့်ခ် အရက်ဖြတ်ခဲ့သည်။ သူ့အသက်တာတွင် ဘုရားရှင်ပြုသည့်အမှုကြောင့် အရက်သေစာကို ဆက်လက်ရှောင်ပြီး တည်ကြည်ခဲ့သည်။ သို့သော် အရေးကြီးသော ပြောင်းလဲမှုအချို့ကိုလည်း သူလုပ်ခဲ့သည်။ အိမ်ထဲတွင် အရက်မထားတော့ဘဲ၊ သူ့အတွေးနှင့် စိတ်ခံစားချက်များ၌ သတိပေးသည့် အမှုအရာများကို စောင့်ကြည့်ပြီး၊ အချို့သောအခြေအနေများတွင် သတိရှိရှိ နေထိုင်သည်။ ဘုရားသခင်ကို အားကိုးပြီး သွေးဆောင်မှု သို့မဟုတ် အပြစ်ကို အခွင့်မပေးရန် သူသိသည်။ နားလည်သည်။
တမန်တော်ပေတရုက “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏” (၁ ပေ ၅:၈)ဟု သတိပေးခဲ့သည်။ မိမိအသက်တာသည် သည့်ထက်ပို၍မကောင်းနိုင်တော့ဟု ထင်ခြင်း၊ (သို့) ဘဝကဏ္ဍတစ်ခုခုတွင် ငါဘယ်တော့မှ စုံစမ်းခြင်း ခံရမှာမဟုတ်ဟုထင်ခြင်း စသည့်မမျှော်လင့်သော အမှတ်တမဲ့အရာများဖြင့် မာရ်နတ်က မကြာခဏ တိုက်ခိုက်တတ်ခြင်းကြောင့် ကျွန်ုပ်တို့သတိထားရန် လိုအပ်ကြောင်း ပေတရုသိသည်။
ရှင်ယာကုပ်ကလည်း “ဘုရားသခင်၏အလိုတော်သို့ လိုက်ပြီး မာရ်နတ်ကို ဆီးတား”ရန်၊ “သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်”(ယာ ၄:၇)ဟု သတိပေးခဲ့သည်။ ၎င်းကို တွန်းလှန်ရန် အကောင်းဆုံးနည်းလမ်းမှာ ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်းဖြင့် ဘုရားရှင်နှင့်နီးကပ်နေရန် ဖြစ်သည်။ ထိုအခါ၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် (ရောမ ၅:၅) ကျွန်ုပ်တို့ထံသို့ ချဉ်းကပ်တော်မူသည် (:၈)။ “ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင်၊ သင်တို့ကို ချီးမြှောက်တော်မူလိမ့်မည်”ဟု ရှင်ယာကုပ် ထပ်မံအားပေးခဲ့သည်(ယာ ၄:၁၀)။
သွေးဆောင်မှုနှင့် ရုန်းကန်နေရချိန်တွင် ဘဝ၏ စိန်ခေါ်မှုအခိုက်အတန့်များကို ကျွန်ုပ်တို့အားလုံး ရင်ဆိုင်ကြရသည်။ ကျွန်ုပ်တို့ အောင်မြင်ရန်နှင့် ကျော်လွှားနိုင်ရန် ဘုရားသခင်အလိုရှိကြောင်းကို သိရှိခြင်းဖြင့် ကျွန်ုပ်တို့ စိတ်အေးနိုင်ပါသည်။ ကျွန်ုပ်တို့၏ဒုက္ခများကြားတွင် ကိုယ်တော် ကျွန်ုပ်တို့နှင့်အတူရှိတော်မူ၏။
စာရေးသူ အယ်လီဆန်ကီဒါ
သင်သည် မည်သည့်အချိန်တွင် သွေးဆောင်မှုကို ပို၍ခံနိုင်ရည်ရှိပုံပေါ်သနည်း။ ထိုကာလတွင် ဘုရားသခင်သည် သင့်အား မည်သို့ကူညီခဲ့သနည်း။
ချစ်ရပါသော ဘုရားသခင်၊ အဝေးသို့ ထွက်ပြေးမည့်အစား ကိုယ်တော်ထံချဉ်းကပ်ရန် ကျွန်ုပ်ကိုကူညီပေးပါ။ ကျွန်ုပ်အား လမ်းကြောင်းမှန်ပေါ်၌ ထိန်းထားနိုင်သည့် ကိုယ်တော်၏နေ့စဉ်လမ်းညွှန်မှုကို လိုအပ်ပါသည်။
****************************************
အသက်တာကို ပြောင်းလဲပေးနိုင်စွမ်းရှိသည့် ဘုရားသခင်၏နှုတ်ကပတ်တော်မှ မိတ်ဆွေခွန်အားရရှိမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ နေ့စဥ်ခွန်အားအမှုတော်လုပ်ငန်းအတွက် ဆုတောင်းပေးရန် မေတ္တာရပ်ခံပါသည်။ မိမိတတ်နိုင်သလို ထောက်ပံ့ကူညီလိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။ မိတ်ဆွေ၏အကူအညီအတွက် ကျွန်ုပ်တို့ အလွန်ဝမ်းမြောက် ကျေးဇူးတင်မည်ပင်။ ဘုရားသခင်၏ ကွယ်ကာစောင်မမှုအားဖြင့် မိတ်ဆွေ၏အသက်တာသည် လုံခြုံ၍အသီးပွင့်လန်းသောအသက်တာ ဖြစ်ပါစေသော်။