04/02/2014
“ချင်းကလေး ဖဝေး”
February 4, 2014 at 1:38am
“ရခိုင်ရိုးမတောင်တန်းနဲ့ ဆက်စပ်နေတဲ့ ချင်းတောင်တန်း၊ ကုလားတန်မြစ် မဏိပူရမြစ် စီးဆင်းနေ။ မြေနီလမ်းလေး မှုန်ဝါးဝါး ကားလေးစီးရင် ဖုံထလာ၊ ဒါဟာလည်း ချင်းပြည်ရဲ့ အလှတစ်ခုပါ။”
နားထောင်လို့တော့ ကောင်းသားပဲ။ ကြည့်လို့လည်း ကောင်းပါတယ်။ ရုပ်ရှင်ရိုက်ရင်တောင် ဓါတ်ပုံဆု ရတဲ့နေရာ။ လှပါတယ်ဆိုမှ သိင်္ဂါရကလည်းဆန်လိုက်တာ။ သဘာဝအတိုင်းရှိနေတဲ့ ရေကန်ကြီးကတောင် အသည်းပုံရှိသတဲ့။ ခေါင်ရည်သောက်လို့ နွားနောက်သားကင်နဲ့မြည်း၊ ဆာဗူးတီးဟင်းချိုပူပူလေးနဲ့ ဆိုတာကတော့ ရောက်ဖူးသူတွေ လွမ်းသလေလို့ ပြောကြတာပေါ့။ ချင်းပြည်နယ်က ထွက်သမျှထဲမှာ အကြိုက်ဆုံးကို ပြောပါဆိုရင်တော့ ဆုန်သင်းပါရ် နဲ့ သက်မွန်မြင့် လို့ပဲ ပြောရမယ်။ သူတို့ ချင်းအဆိုတော်ကလေး အသံနဲ့ ဆိုရင် “အိုးမိုင်ဂေါ့ဒ်။ တိတ်ရှောဒယ်။ တိတ်လှဒယ်။ အောရဲ..။” ပေါ့။ နည်းနည်းတောင် အက်ဒီရှင် အောက်နေပြီ။ ရေမြေသဘာဝ ရာသီဥတုကတော့ ကိုယ်ရောက်ခဲ့ဖူးတဲ့ ဘူတန်နဲ့ တော်တော်တူပါသတဲ့။ လောက်ကိုင်မှာ ဆုံဖူးတဲ့ ကလေးဆရာဝန်ကတော့ တစ်နှစ်ပတ်လုံး အုန်းဆီကို ကြွတ်ကြွတ်အိပ်နဲ့ ထည့်ထားနိုင်တဲ့အရပ်တဲ့။ အုန်းဆီတောင် မပျော်နိုင်ဘူး။ အဲသည်အုန်းဆီလိမ်းတဲ့ ဆရာဝန်ဆို စဉ်းစားသာကြည့်ပါတော့။
ပျော်ချင်ပျော် မပျော်ချင်နေ။ ချင်းပြည်ဆိုတာကြီးက ကိုယ်တို့ဆရာဝန်တွေအကြားမှာတော့
တော်တော်ကို ရေပန်းစားတဲ့ နေရာကြီးပါ။ “တစ်နှစ်နေရင် လိုချင်တဲ့နေရာ တောင်းပါ။ ပေးပါ့မယ်။” ဆိုတဲ့ ကတိကြီးနဲ့ “သမီးရယ်။ သွားလိုက်ပါ သမီးရယ်။ ဖလမ်း၊ ဟားခါး၊ မတူပီ၊ ကလေး၊ မင်းတပ် ကြိုက်ရာ ရွေး ဟေး ဟေ ဟေ ဟေး။” ဆို ချွေးသိပ်လွှတ်ရတဲ့နေရာဗျ။ အစစ်အဆေး အမေးအမြန်းထိထားတဲ့သူတွေကိုလည်း မဲဇာတောင်ခြေ ရတုလေးဘာလေး သွားရေးချည်ဦးဆို လွှတ်တဲ့နေရာလည်း ဖြစ်တယ်။ မကောင်းကျောင်းပို့လုပ်စရာ အမှိုက်ပုံကြီးလို့တော့ မထင်ပါနဲ့။ နိုင်ငံခြားမှာ စာမေးပွဲသွားဖြေရင်း အိမ်ပြန်ချိန်ကိုတောင် မသိတော့သူ၊ ပြန်လာမယ်ဆိုတာ မသိတော့သူတွေ အလုပ်ထဲပြန်ဝင်တော့မယ်ဆိုရင် “မောင်ရင်လေးတို့ တတ်လာတဲ့ပညာကလေးတွေကို အနောက်နိုင်ငံနဲ့ ရာသီဥတုတူတဲ့ ဟိုးတောင်ပေါ်ရိုးဆီမှာ ဂူအောင်းသိုင်းကျင့်လိုက်ချေပါဦး။” လို့ လည်း စေလိုရာစေတတ်သေးတယ်။ ဟဲ ဟဲ။ မောင်စံဖားတို့လို အစိုးရခွင့်ပြုချက်နဲ့ တိုင်းတပါးတာဝန်ထမ်းရာက ပြန်လာသူတွေကိုလည်းပဲ ရောက်ရောက်ချင်း ရွှေပြည်ကြီးနဲ့ အသားမကျမှာစိုးလို့ ၀မ်းမင်းအပ်လုပ်ပေးတဲ့နေရာဆိုလည်း မမှားဘူး။
အဲသလိုမှ လက်ညှိုးထိုးစရာ အကြောင်းချင်းရာတစ်ခုခုရှာပြီး ခေါင်းစဉ်မတပ်ပေးနိုင်ရင် အလွှတ်ခံရတဲ့သူက စေညွှန်သူကြီးများကို သားချင်း သမီးချင်းမှ မစာမနာ၊ အကြံပက်စက် စကောလောက်မှ စောက်မနက်ရန်ကော့ လို့ လက်ညှိုးငေါက်ငေါက်ထိုးပြီး ရန်စကားဆိုတဲ့အခါ မပြေးသော်ကန်ရာရှိ အားနာနေရမှာကိုးဗျ။ အလကားနေရင်း ချင်းပြည်သွားနေပါရစေ လို့ ဗော်လံတီယာလုပ်မယ့်သူဆိုတာ စာပေဆုရတဲ့ ၀တ္ထုစာအုပ်ထဲမှာပဲ ရှိမယ်။ တကယ်တမ်းကျ အဲသည်စာရေးဆရာတောင် သွားဖူးသလား မေးကြည့်ပါဦး။ အမယ်။ ကိုယ်လည်းပဲ မသွားဖူးတဲ့သူချင်း အတူတူ တစ်မူးပိုရှူစရာအကြောင်း ရှိလို့လား။ ဘယ်သူမှ မသွားချင်လိုက်သမှ ချင်းပြည်ပေါက်ဆရာဝန်စစ်စစ်ကြီးတွေတောင် ဘယ်လိုမှ ချော့မော့လွှတ်လို့မရတဲ့မြေ။ ဘာဖြစ်လို့ မသွားချင်ရသလဲဆိုတာတော့ မတွေးပဲ မောင်ပေါက်ကျိုင်းခေတ်က အပျိုစင်ကလေးတွေ ငှက်စာဆော်သလို အလှည့်ကျ ကံဆိုးသူမောင်ရှင်မယ်ရှင်ကလေးတွေချည့်ပဲ ရွေးလွှတ်နေတာ ဘယ်လောက်ကြာပြီလဲ။ အခုတော့ တော်သေးတာပေါ့လေ။ လစာနှစ်ဆရတဲ့ ခက်ခဲဒေသထဲမှာ ပါသွားတော့ အရင်ကထက်စာရင် အများကြီး ဖြေသာသွားပြီ။
မသွားချင်ရတဲ့ အကြောင်းရင်းကတော့ စားဝတ်နေရေး၊ သွားရေးလာရေးက အဓိကပါပဲ။ ကမ္ဘာမှာ ဖွံဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံထဲမှာ ပါတဲ့ မြန်မာနိုင်ငံထဲမှာတောင်မှ ချင်းပြည်နယ်ဆိုတာ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ပြည်နယ်တစ်ခုပဲ။ သူ့အနောက်မှာ ဘာမှ မရှိတော့ဘူး။ သဘာဝ သယံဇာတ ဘာဆိုဘာမှမထွက်ဘူး။ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး လမ်းကြောင်းလည်း ဘာမှမရှိဘူး။ သူ့ဆီမှာ ရှိတာဆိုလို့ လူတွေပဲ ရှိတယ်။ ရိုးသား ဆင်းရဲပြီး ပညာမတတ်တဲ့သူတွေ။ ခိုင်းရင် ခိုင်းတာတစ်ခုကလွဲပြီး မစဉ်းစားတတ်တဲ့သူတွေ။ အရည်အချင်းအနေနဲ့ ပြောရင်တော့ သူတို့လိုချင်တဲ့ အမိန့်နာခံမှု အရည်အသွေး၊ အပင်ပန်းအဆင်းရဲ ခံနိုင်မှု အရည်အသွေး အပြည့်အ၀ရှိတဲ့သူတွေ။ ဒါကြောင့်မို့ မြန်မာ့တပ်မတော်ကြီး ဖွဲ့စည်းစဉ်ကတည်းက ချင်းသေနတ်ကိုင်တပ်ရင်းဆိုတာ အင်မတန် ယုံကြည်အားထားရသော၊ ရန်ပုံခွင်းတပ်မတော်၊ လက်သုံးတော်တပ်ရင်းတပ်ခွဲ။ သတ္တိ ဗျတ္တိကျပြန်တော့ ကျွမ်းဘိစ်တို့ ဗိုလ်ဆွန်ပက်တို့ သားမြေးများ ရှိရာအရပ်ပေါ့။
အဲသည်ရှိစုမဲ့စု လူ့စွမ်းအားအရင်းအမြစ်ကလေးရဲ့ အသီးအပွင့်တွေကို သူတို့အမိ ချင်းပြည်နယ်ကြီးက တစက်ကလေးမှ မခံစားရပဲ ဖွံ့ဖြိုးပြီး ပြည်မကြီးနဲ့ ပြည်ပနိုင်ငံတွေက ဆွတ်ချူယူငင် ပန်ဆင်ချိုးသုံးလုပ်နေကြတဲ့အကြောင်းကို ရိုးလွန်းအလွန်းတဲ့ မောင်မင်းကြီးသား မယ်မင်းကြီးမကလေးတွေ သဘောမပေါက်ကြသေးတဲ့အတွက် တရပ်တကြေးက ချင်းဖဝေး ချင်းမိဝေးကလေးတွေကို နားလည်အောင် ရှင်းပြချင်ပါတယ်။ တကယ်တော့ ချင်းကလေးတွေဟာ တောထဲတောင်ထဲမှာ ကြီးပြင်းရတဲ့အတွက် တစ်ကိုယ်စာ အသက်ရှင်သန်ရပ်တည်ရေးမှာ မြို့သားလူပေါ်ကြော့များ လိုက်မမီအောင် သက်လုံကောင်းကြပါတယ်။ အခါအခွင့်သင့်လို့ မြို့ကြီးပြကြီး အနေနီးလာတော့လည်း ချက်ခြင်းကို အတုမြင် အတတ်သင်၊ ယဉ်ပါးကျွမ်းဝင်လွယ်သားပဲ။ အသားကျသွားတဲ့အခါကျတော့ အိမ်ကိုလွမ်းတဲ့စိတ်ကလေးတွေ သူတို့ဆီမှာ မရှိကြဘူး။ ရေကြည်ပြီးသား မြက်နုပြီးသားနေရာကို သူတို့သားချင်းတွေလိုက်ခဲ့ဖို့ လှမ်းခေါ်ကြတယ်။ ဒါကြောင့် အတည်မပြုနိုင်သေးတဲ့ သတင်းစကားများအရ အမေရိကန်ပြည်ထောင်စုမှာ အခြေကျနေတဲ့ ချင်းတွေဟာ သူတို့ချင်းတောင်တန်းပေါ်မှာ ကျန်ရစ်ခဲ့တဲ့ ချင်းတွေထက် ပိုများသတဲ့။
ကောင်းတာပေါ့။ သာဓုပါဗျာ။ မုဒိတာ အကြီးကြီး ပွားနိုင်ပါတယ်။ ဒါပေမယ့် နောက် မျိုးဆက် နှစ်ဆက်သုံးဆက်လောက်ဆိုရင် သူတို့တတွေ ချင်းဖြစ်ခဲ့တယ်ဆိုတာ ပုံပြင်ကလေး ဖြစ်သွားလိမ့်မယ်။ အမေရိကန်တွေပဲ ဖြစ်ကုန်မှာ။ ဖြစ်ပစေလေ။ ကမ္ဘာပေါ်မှာ အမေရိကန်နိုင်ငံသား ဖြစ်ရတာလောက် အဆင့်အတန်းမြင့်တာ၊ ဂရန်းကျတာ ရှိလို့လား။ ကိုယ်တို့ မြန်မာတွေတောင် ဖြစ်ချင်လွန်းလို့ ဒီဗီဖောင်မဖြည့်ဖူးတဲ့သူဆိုတာ တစ်ယောက်တောင် မရှိဘူး။ သည်လိုနဲ့ ကိုယ့်မွေးမြေကြီးကို လမ်းခွဲနှုတ်ဆက် သေခန်းဖြတ်ရမှာ နည်းနည်းလောက် စဉ်းစားပါဦးလေ။ သည်ရေသည်မြေ၊ သည်ပြည်နယ်ကြီးမှာ ကိုယ်နဲ့အမျိုးမတော်ပေမယ့်လည်း အနွယ်တူသော လူနွမ်းပါးကလေးတွေခမျာ သူများအစောင့်အရှောက်ခံပြီး အောက်ကျနောက်ကျ ပျားရည်တစ်ပုလင်း မှိုတစ်ကျင်းအတွက် အသက်နဲ့ရင်းပြီး ၀မ်းစာရှာနေရတာ မြင်ရက်ကြားရက်လို့လား။ တောင်ဇလပ်ပန်း နီနီကလေးတွေတွေ့ရင်၊ ရီမှောင်မှောင် တောင်ခိုးကလေးတွေကို မြင်ရင်၊ ငယ်ငယ်က ကျင်လည်ခဲ့ဖူးသော နေရာကလေးတွေကို ပြန်သတိမရမိဘူးလား။
ကိုယ်နဲ့ဆုံဖူးတဲ့ ချင်းဆရာဝန်ကလေးကတော့ သူ့ပြည်နယ်ကို ပြန်မသွားဘူးလား လို့ မေးတဲ့အခါ “ချင်းလည်း တိုးတက်ချင်လို့ ရန်ကုန်တက်လာတာပဲဝေ့။” လို့ စိတ်ထဲရှိတဲ့အတိုင်း ဘွင်းဘွင်းဖြေပါတယ်။ သူ့စကား မမှားပါဘူး။ တစ်သက်လုံး မီးမရှိ၊ ရေမရှိ၊ ခြေကျင်လျှောက်၊ ထမခြောက်စားတဲ့ဘ၀မှာ နေလာခဲ့ပြီးပြီ။ ရေသာတစ်လှည့်လည်း နေချင်သေးတာပေါ့။ ဒါပေမယ့် ကျန်ရစ်ခဲ့တဲ့ ချင်းပြည်နယ်ကြီးကို ဘယ်သူတွေ တာဝန်ယူကြမှာလဲ။ ပြည်မအစိုးရမှာ တာဝန်ရှိတယ်လေ။ သူပဲ တာဝန်ယူရမှာပေါ့တဲ့။ စိတ်ချလက်ချ မျက်နှာလွှဲ ခဲပစ်ရှိလိုက်လေ။
ချင်းပြည်နယ်ဟာ ပထ၀ီအနေအထားအရရော၊ ရာသီဥတု သဘာဝပေါက်ပင်၊ အစစအရာရာ ဘူတန်နဲ့ အတူတူလောက်ပဲ ရှိတယ်။ အကျယ်အ၀န်းပါ မတိမ်းမယိမ်း။ ဒါပေမယ့် ဘူတန်လူမျိုးတွေက ချင်းလူမျိုးတွေထက်တောင်မကဘူး။ မြန်မာလူမျိုးတွေထက်တောင် ဆယ်ပြန်သာတယ်။ ဘယ်နေရာမှာလဲဆိုတော့ သူတို့အစိုးရက သူတို့ပြည်သူပြည်သားတွေကို စောင့်ရှောက်တဲ့နေရာမှာ။ နိုင်ငံတ၀ှမ်း ကတ္တရာလမ်းရှိတယ်။ အခမဲ့ ပညာရေး၊ ကျန်းမာရေးစံနစ်ရှိတယ်။ ရေ မီး ဖုန်း အင်တာနက်က တိုက်နယ်ဆေးရုံအထိရောက်တယ်။ ကျုပ်တို့ မြန်မာအစိုးရ မြန်မာတွေကိုတောင် အဲလိုစောင့်ရှောက် မထားနိုင်ဘူး။ ခင်ဗျားတို့ ချင်းတွေဆို ဝေးရော။ ဒါကြီးများ စိတ်ချလက်ချ ပုံအပ်မလို့လား။
သူများအကူအညီဆိုတာ ခဏတဖြုတ်သာ ကောင်းတယ်။ ရေရှည်မှီခိုနေရင် သူများစေတနာ ပါးလျားလာတာထက် ကိုယ်ရည်ကိုယ်သွေးတွေ ညံ့ကုန်တာက လူညွန့်တုံးစေတယ်။ လဲနေသူထူပေးတာတော့ ဟုတ်တယ်။ ထပြီးရင်တော့ ကိုယ့်လမ်းကိုယ် ဆက်လျှောက်မှ ဖြစ်မယ်။ ချင်းပြည်နယ်ကြီးတိုးတက်ရေးအတွက် ဧည့်သွားဧည့်လာ မြန်မာဝန်ထမ်းတွေကို အားမကိုးနဲ့။ သူတို့က ခဏလာပြီး သူတို့စားဝတ်နေရေး အရင် သူတို့ဖြေရှင်းတာ။ ကိုယ်တွေမှာ မရှိမဲ့ရှိမဲ့နဲ့ ဧည့်ခံစားရိတ်တွေ လုံးပါးပါးတယ်။ သာလာယံဇရပ်ကို ဘယ်ခရီးသွားမှ ဆေးမသုတ်ဘူး။ ကိုယ့်ထဲကိုယ့်ဟာ ကိုယ့်ပြည်နယ်က ပညာတတ်တွေ ကိုယ့်ပြည်နယ်အတွက် ကိုယ်ပြန်ကြည့်မှ ရေရှည်တည်တံ့မယ့် ဖွံ့ဖြိုးတိုးတက်မှုကို ရနိုင်တယ်။ အဲဒါ မြန်မာပြည်ကြီးတစ်ခုလုံးအတွက်လည်း တသဘောတည်းပဲ။
သူများအားကိုးနဲ့ လူငယ်လူရွယ်တွေ လေ့ကျင့်ပျိုးထောင်ပြီး အဲသည်လူငယ်လူရွယ်တွေက ကိုယ့်ဆီပြန်မလာပဲ သူများကိုပဲ ဆက်အလုပ်အကျွေးပြုကြတဲ့အခါ ကိုယ့်ဆီက ရှားရှားပါးပါး အသီးအပွင့်ကလေးတွေ အညွန့်ခူးခံရသလိုဖြစ်တယ်။ ဘရိန်းဒရိန်းတွေ ဘာတွေနဲ့ လူကြားကောင်းအောင် လျှောက်မအော်ချင်ပါဘူး။ ပညာတတ် လူချွန်လူမွန်ဖြစ်ဖို့ဆိုတာ အချိန်၊ ငွေကြေး၊ လုပ်အား၊ အများကြီး ရင်းနှီးမြှုတ်နှံရတယ်။ အစောင့်ကြီးစောင့်ပြီး ဗူးသီးမှ အရီးတောင်မတော်တဲ့သူတွေ စားဖို့ဖြစ်တာ မကြည့်တတ် မမြင်တတ်ဘူးဆိုရင် အရမ်းအရမ်းကို အ နေပြီလို့သာ မှတ်လိုက်ပါတော့။ ချင်းလူငယ်ကလေးတွေ ချင်းပြည်ပြန်မလာသရွေ့တော့ ချင်းပြည်နယ်ကြီးတိုးတက်ရေးဆိုတာ ဓူဝံကြယ်စင် မြင်နေလည်း ဝေးပဲ။ မယုံမရှိနဲ့။
ချင်းပြည်နယ်လို့သာ ပြောရတယ်။ အဲသည်ချင်းပြည်နယ်ထဲမှာနေကြတာ ချင်းတွေချည့်ပဲ မဟုတ်ဘူး။ မြောက်ဘက်မှာဆို နာဂတွေရှိတယ်။ တောင်ဘက်ဆင်းလာရင် မြို၊ ခမီ၊ သက်၊ ဇိုမီး၊ ဒိုင်းနက်ဆိုတဲ့ လူမျိုးစုသေးသေးလေးတွေ ရှိတယ်။ ကြားတောင် မကြားဖူးတဲ့သူတွေ အများကြီး။ စစ်တွေက ပြတိုက်ထဲမှာပဲ အရုပ်အဖြစ်တွေ့ရတော့တယ်။ အပြင်မှာ မရှိသလောက်ရှားနေပြီ။ မျိုးတုံးပျောက်ကွယ်ရန် အန္တရာယ်ရှိသော လို့ နာမ၀ိသေသနတပ်ထားရတဲ့သူတွေပေါ့။ ကိုယ်တွေ သိထားတဲ့ ချင်းဆိုတာ ချင်းပဲပေါ့ လို့ ပြောရတာတောင် တကယ်တော့ မမှန်ဘူး။ ချင်းအမျိုးကွဲပေါင်း များစွာရှိတယ်။ ဟိုဘက်ရွာကချင်း နဲ့ သည်ဘက်ရွာကချင်းတောင် ဘာသာစကားချင်း မတူဘူး။ စကားပြန်နဲ့ ပြောရတယ်။ ကိုယ်တွေ့။
အဲဒီလို တစ်စုစီ တစ်ဖွဲ့စီဖြစ်နေတဲ့ ချင်းပြည်နယ်ကလေးကို သာသနာပြုအဖွဲ့များစွာ ရောက်လာတော့ ပိုပြီး ကွဲပြားလာတယ်။ ဘကကျောင်းတွေ ရှိတဲ့နေရာမှာ ရှိတယ်။ မစ်ရှင်စကူးတွေ တက်တဲ့သူကတက်တယ်။ ချင်းကက်သလစ်အသင်းတော်၊ ချင်းနှစ်ခြင်း အသင်းတော်၊ သတ္တမနေ့အသင်းတော်၊ ဧ၀ံဂေလိအသင်းတော်၊ ဘယ်နှစ်မျိုး ကြားဖူးသလဲ ပြော။ ချင်းပြည်နယ်မှာ အကုန်ရှိတယ်။ ဘုရားသခင်တွေ အများကြီး ၀ိုင်းစောင့်ရှောက်သော်ငြားလည်း၊ ချင်းတိုင်းရင်းသားလေးတွေဘ၀က သည့်ထက်သည် ထူးပြီး တိုးတက်မလာသေးဘူး။ ပြည်တော်မပြန်နိုင်တဲ့ ချင်းမယောင်္ကျားလေးတွေကို မရရအောင် ပြန်ခေါ်နိုင်မှ ဖြစ်လိမ့်မယ်။ အထူးသဖြင့်တော့ ၂၀၁၅ အမီလေ။ ကိုယ့်ပြည်နယ်ကိုယ် ပြန်စီမံအုပ်ချုပ်နိုင်ဖို့ ပြန်လာစေချင်တာ။ ကိုယ်ပြန်မလာလို့ သူများက အုပ်ချုပ်ရင် ကိုယ်လိုချင်တာတွေ ရနိုင်ဖို့ ခဲယဉ်းတယ်။ မယုံရင် ရေသန့်ကလေးလိုချင်ပါတယ် တစ်ခွန်းလောက် ထွက်ကြည့်။
လက်ရှိမှာ ရင်ဆိုင်နေရတဲ့ပြသနာကတော့ ချင်းပြည်နယ်မှာ အနာဂတ် မရှိတော့ဘူး။ ဘယ်ရွာကိုသွားသွား သွက်သွက်လက်လက် လုပ်နိုင်ကိုင်နိုင်တဲ့ လူငယ်လူရွယ်ကလေးတွေ မတွေ့ရသလောက်ပဲ။ လူမမယ်ကလေးတွေ သက်ကြားအိုကြီးတွေနဲ့ ရွာတည်ထားရတယ်။ တစ်ပြည်လုံးအတိုင်းအတာနဲ့ ဖြစ်နေတဲ့ လူသားအရင်းအမြစ်ရွှေ့ပြောင်းမှုကြီး လို့ ခေါင်းစဉ်တပ်ကြပေမယ့် နဂိုကတည်းက ချို့တဲ့တဲ့ ချင်းပြည်နယ်မှာ ရှင်နည်းရာ အဂ္ဂလူထွက်တာကို ဘာနဲ့မှ ကုစားလို့မရဘူး။ ထွက်တဲ့လူကို အပြစ်တင်လို့မရဘူး။ အဲသည်မှာနေရင် ပြောင်းထမင်းတောင် နပ်မမှန်လို့။ မနက်ဖြန်ဆိုတာ သည်ကနေ့ကို ကျော်သွားနိုင်မှ တွေ့ရမယ့် အရာလေ။
ဆင်စခန်းမှာနေတဲ့ကလေးတွေဟာ ဆယ်နှစ်သားလောက်ဆို ဆင်တစ်ကောင်နဲ့ တစ်ခါတည်းတွဲပြီး အိုးစားဘက်ထားရတယ်။ စာမသင်နိုင်တော့ဘူး။ လူနေမကောင်းရင် ဆေးမကုနဲ့။ လူ့အသက်က ဆင့်အသက်လောက် အဖိုးတန်တာ မဟုတ်ဘူး။ ဆင်သာ နေကောင်းအောင် ဂရုစိုက်။ အဲဒါ တစ်အိမ်လုံးရဲ့ ထမင်းအိုး။ တစ်ကောင်တစ်ကောင် ကားတစ်စီးစာလောက် တန်ကြေးရှိတယ်။ တစ်မျိုးလုံး ကျွန်ခံဆပ်တောင် မကျေဘူး။ လူရှိတဲ့နေရာမှာ ဆင်ထိန်းပြီး နေထိုင်စားသောက်ရတာ မဟုတ်ဘုး။ ဆင်ရှိတဲ့နေရာကို တစ်မိသားစုလုံး တကောက်ကောက် လိုက်နေကြထိုင်ကြရတာ။ ဘယ်စာသင်ကျောင်းက လိုက်နိုင်မှာမို့တုန်း။ လူမမယ်ဘ၀ကတည်းက ဆင်ပေါက်ကလေးနဲ့ ရင်းနှီးကျွမ်းဝင်အောင် သင်တဲ့နေရာမှာ အတန်းပညာတွေ အားလုံးက ကျွဲပါးစောင်းတီး အသုံးမ၀င် ဖြစ်နေတာပေါ့။ အမ်းမှာနေတုန်းက တောထဲမှာ ဆင်နင်းလို့၊ သစ်လုံးပိလို့၊ ရောက်လာတဲ့ လူနာတွေ အများကြီးတွေ့ဖူးပါတယ်။ ချင်းတွေချည့်ပဲ။ ရခိုင်တွေ ဆင်းရဲတယ်ဆိုတာ သူတို့တွေ အိပ်နေသလောက်ရှိတယ်။
ဇာတ်နာအောင် မပြောပါဘူးနော်။ ချင်းအကြောင်း ချင်းတွေကိုယ်တိုင် အသိဆုံး ဖြစ်ပါလိမ့်မယ်။ သူတို့တတွေကို ကူညီကယ်မ စောင့်ရှောက်ဖို့အတွက် သွေးချင်းသားရင်းတွေကို အမှန်တကယ် လိုအပ်နေပါတယ်။ ဥစ္စာရင်လို ဥစ္စာရင်ခဲ မဟုတ်လား။ NLD လည်း မမျှော်နဲ့။ ပြည်ခိုင်ဖြိုးလည်း မတနဲ့။ ကိုယ်ချင်းကိုယ်ချင်း ချင်းအချင်းချင်းသာ စိတ်ချလက်ချ အားကိုးရမှာ။ နွံထဲမှာ ကြာပေါက်သလို ကိုယ့်ထဲကိုယ့်ဟာ ပညာတတ်တစ်ယောက် ထွန်းပေါက်လာဖို့ ဘယ်လောက်ခဲခဲယဉ်းယဉ်း ကြိုးစားရသလဲ ကိုယ့်ဘာသာ အသိဆုံးပဲ။ သီးချိန်တန် ပွင့်ချိန်တန်တော့မှ အပျို့စန္ဒကူး ပန်းဦးပန်မယ့်သူတွေဆီမှာ အလုပ်အကျွေးပြုနေရတာ သူတို့ဘ၀အတွက်တော့ ကောင်းတာပေါ့။ ကိုယ့်ပြည်နယ်ကြီးအတွက် မကောင်းဘူး။ နောင်ကျရင် တခြား မျိုးနွယ်စုကလေးတွေလိုပဲ မှေးမှိန်ပျောက်ကွယ်သွားမှာ စိုးရတယ်။ ကိုယ်လိုချင်တဲ့ အတိုင်းအတာတစ်ခုရောက်ရင်တော့ အိမ်ကိုပြန်ခဲ့တော့ လို့ မျိုးကြီးသီချင်းနဲ့ နှုတ်ဆက်တယ်နော်။