31/05/2024
ထိုအတူ ငါ၏နှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။
ကတိတော်ကို ထားတယ် ထိုကတိတော်ကို တည်စေသောသူကလည်း ဘုရားသခင်သာ ဖြစ်ပါတယ်။ ထားတော်မူသော ကတိတော်တွေကို မပြည့်စုံစေတာ တစ်ခု မရှိတဲ့ ဘုရားကလည်း ထာဝရဘုရား တစ်ပါးတည်းသာ ဖြစ်ပါတယ်။
ဓမ္မဟောင်း၌ သခင်ယေရှု၏ ပြည့်စုံခြင်းနှင့်ပတ်သက်၍ ပရောဖက်ပြုချက်ပေါင်း ၃၃၂ ချက်ရှိသည်ဟု ဆိုပါသည်။
ထိုအရာများထဲမှ ပရောဖက်ပြုချက်နှင့် ပြည့်စုံခြင်းဆိုင်ရာ အကြောင်းအရာ ၆၀ ခန့်ကို ပြုစုထားပါတယ်။
အပိုင်း ၅ပိုင်း ရေးသားပေးသွားပါမယ်။ယခုသည် အပိုင်း( ၁) ဖြစ်ပါတယ်။
(၁) မိန်းမမှ ဆင်းသက်လာသူ
ပရောဖက်ပြုချက်- ကမ္ဘာဦး ၃:၁၅
သင်နှင့် မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း၊ ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။
ပြည့်စုံမှု- ဂလာတိ ၄:၄
အချိန်ကာလစေ့သောအခါ၊ ဘုရားသခင်သည် ပညတ်တရားအောက်၌ ဖွားမြင်သော မိန်းမမှ ဖွားသော သားတော်ကို စေလွှတ်တော်မူ၏။
( မြန်မာကျမ်းစာ ဘာသာပြန်အနည်းငယ် လွှဲနေသောကြောင့် English ကျမ်းစာမှ ယူထားသည်)
(၂) အပျိုကညာမှ မွေးဖွားမည်
ပရောဖက်ပြုချက်– ဟေရှာယ ၇:၁၄
ထိုကြောင့်၊ ထာ၀ရဘုရားသည် ကိုယ်တော်တိုင် သင့်တို့အား နိမိတ်လက္ခဏာကို ပေးတော်မူမည်၊ ကြည့်ရှုလော့၊ အပျိုကညာသည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်လတ္တံ။ ထိုသားကို ဧမာနွေလအမည်ဖြင့်မှည့်ရလိမ့်မည်။
ပြည့်စုံမှု = မဿဲ ၁:၁၈
ယေရှုခရစ်သည် ဖွားမြင်ခြင်းကိုခံတော်မူသော အကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း၍ မယှက်တင်မီတွင် သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲနေ၏။
(လုကာ ၁း၃၅)။
(၃) ဘုရားသားတော်
ပရောဖက်ပြုချက် = ဆာလံ ၂:၇ / ဟေရှယ ၄၂း၁
ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့။ ထာဝရဘုရားက သင်သည်ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဖွားစေပြီ။
ပြည့်စုံမှု = မဿဲ ၃:၁၇
“ဤသူသည် ငါနှစ်သက်မြတ်နိုးရာဖြစ်သော ငါ၏ချစ်သားပေတည်း။” (မဿဲ ၁၆း၁၆၊ မာကု ၉း၇၊ လုကာ ၉း၃၅၊ တမန် ၁၃း၃၀-၃၅၊ ဟေဗြဲ ၁း၅ )။
(၄) အာဗြဟံ၏အမျိုးအနွယ်
ပရောဖက်ပြုချက်- ကမ္ဘာဦး ၂၂:၁၈
သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်ဟု ငါ၏စကားကိုသင်နားထောင်သောကြောင့်၊ ငါသည်ကိုယ်ကို ကိုယ်တိုင်တည်၍ကျိန်ဆို၏ဟု ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုလေ၏။
ပြည့်စုံမှု = ဂလာတိ ၃:၁၆
ကတိတော်တို့ကို အာဗြဟံနှင့် သူ၏အမျိုးအနွယ်၌ ထားတော်မူ၏။ အမျိုးအနွယ်တို့ဟု အများသောသူ တို့ကိုရည်မှတ်၍ မိန့်တော်မူသည်မဟုတ်။ သင်၏ အမျိုးအနွယ်ဟု တစ်ယောက်သောသူကို ရည်မှတ်၍ မိန့်တော်မူ၏။ ထိုတစ်ယောက်သောသူကား ခရစ်တော်ဖြစ်သတည်း။-
(၅) ဣဇာကျ၏သား
ပရောဖက်ပြုချက် = ကမ္ဘာဦး ၂၁:၁၂
သို့ရာတွင် ဘုရားသခင်က၊ ထိုသူငယ်နှင့် သင်၏ကျွန်မကြောင့်၊ ဤအမှုခက်သည်ဟု မထင်နှင့်။ စာရာပြောလေရာရာ၌ သူ၏စကားကို နားထောင်လော့။ အကြောင်းမူကား၊ ဣဇာက်၌သာ သင်၏အမျိုးတည်လိမ့်မည်။
ပြည့်စုံမှု = လုကာ ၃:၂၃-၃၄၊ မဿဲ ၁:၂၊ ဟေဗြဲ ၁၁း၁၈
ဣဇာက်၌သာ သင်၏အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ၍ ကတိတော်များကို ခံရသောသူသည်၊ မိမိ၌ တစ်ယောက်တည်းသော ထိုသားကို ပူဇော်၏။
(၆) ယာကုပ်၏သား
ပရောဖက်ပြုချက်- တောလည်ရာ ၂၄:၁၇
ထိုအရာကို ငါမြင်၏။ သို့သော်လည်း ယခုမဖြစ်ရသေး။ ထိုအရာကို ငါရှု၏။ သို့သော်လည်း ဖြစ်ရသောအချိန်မနီးသေး။ ကြယ်တစ်လုံးသည် ယာကုပ်အမျိုး၌ ပေါ်ထွန်း၍၊ ရာဇလှံတံသည် ဣသရေလအမျိုး၌ ထင်ရှားလိမ့်မည်။ မောဘပြည်စွန်းတိုင်အောင် ထိခိုက်၍ မငြိမ်မဝပ် ရုန်းရင်းခတ်ပြုတတ်သော သူအပေါင်းတို့ကို ဖျက်ဆီးလိမ့်မည်။
ပြည့်စုံမှု = (လုကာ ၃:၂၃၊ ၃၄၊ မဿဲ ၁:၂၊ လုကာ ၁:၃၃)
ယခု ကျမ်းချက်များအား ရှာကြည့်ပါ ခင်ဗျာ
(၇) ယုဒအမျိုး
ပရောဖက်ပြုချက်= ကမ္ဘာဦး ၄၉:၁၀
ရှိလောမရောက်မီတိုင်အောင်၊ ရာဇလှံတံသည်ယုဒထံမှလည်းကောင်း၊ မင်းအာဏာသည် သူ၏အမျိုးအနွယ်ထံမှလည်းကောင်း မရွေ့ရ။ ရှိလော၌လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။
ပြည့်စုံခြင်း = ယေရှု...ယုဒအမျိုးအနွယ် (လုကာ ၃:၂၃၊ ၃၃၊ မဿဲ ၁:၂၊ ဟေဗြဲ ၇:၁၄)
(၈) ယေရှဲ၏အမျိုး
ပရောဖက်ပြုချက် = ဟေရှာယ ၁၁:၁
ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည်။
ပြည့်စုံခြင်း- = (လုကာ ၃:၃၂၊ မဿဲ ၁:၆)၊ ဒါဝိဒ်အဘ ယေရှဲ၊ ယေရှဲအဘ ဩဗက်၊ ဩဗက်အာဘ ဗောဇ၊ ဗောဇအဘ စာလမုန်၊ စာလမုန်အဘ နာရှုန်၊
(၉) ဒါဝိဒ်၏အိမ်
ပရောဖက်ပြုချက် = ယေ ၂၃:၅
ထာဝရဘုရားမိန့်တော်မူသည်ကား၊ သန့်ရှင်းသောအညွန့်ကို ဒါဝိဒ်အဖို့ ငါပေါက်စေသည်အတိုင်း၊ ဉာဏ်ကောင်းသော ရှင်ဘုရင်တစ်ဦးသည် စိုးစံ၍၊ မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာကာလသည် ရောက်လိမ့်မည်။
ပြည့်စုံခြင်း = ယေရှု....ဒါဝိဒ်၏သားတော်....(လုကာ ၃:၃၁၊ မဿဲ ၁:၁၊ ၉:၂၇၊ ၁၅:၂၂၊ ၂၀:၃၀၊ မာကု ၉:၁၀၊ ၁၀:၄၇၊ လုကာ ၁၈:၃၈၊ တမန် ၁၃:၂၂၊ ဗျာဒိတ် ၂၂:၁၆)၊
(၁၀) ဗက်လင်မြို့တွင် မွေးဖွားမည်။
ပေရာဖက်ပြုချက် = မိက္ခာ 5:2 >>
အို ဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေလအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဖို့ သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင် ဖြစ်၏။
ပြည့်စုံမှု– မဿဲ ၂:၆ / ယော ၇း၄၂
အို ယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်းမူကား၊ ငါ၏လူစု ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့ဟု ကျမ်းလာရှိပါ၏။ ထိုကြောင့် ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကို ဖွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြားလျှောက်ထားကြ၏။-
(၁၁) လက်ဆောင်ပေးမည်
ပရောဖက်ပြုချက် = ဆာလံ ၇၂:၁၀
တာရှုမင်းတို့နှင့် ပင်လယ်တစ်ဖက်၌ နေသောမင်းတို့သည် အခွန်သွင်း၍၊ ရှေဘမင်းနှင့် သေဘမင်းတို့သည်လည်း လက်ဆောင်ပဏ္ဏာများကို ဆက်ကြလိမ့်မည်။
ပြည့်စုံမှု = မဿဲ ၂:၁၁
အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပျပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန် တည်းဟူသော နံ့သာမျိုးကိုလည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏။-
(၁၂) ဟေရုဒ်သည် သားတို့ကို သတ်ခြင်း
ပရောဖက်ပြုချက် = ယေ ၃၁:၁၅
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရာမအရပ်၌ သည်းစွာသော ညည်းတွားငိုကြွေးခြင်းအသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့မရှိသောကြောင့်၊ ငို၍ စိတ်မပြေနိုင်။
ပြည့်စုံမှု = မဿဲ ၂:၁၆-၁၈
ရာမအရပ်၌ သည်းစွာသောညည်းတွားငိုကြွေး မြည်တမ်းခြင်းအသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့ မရှိသောကြောင့် ငို၍စိတ်မပြေနိုင် ဟူသောစကားသည် ထိုအခါ၌ အမှန်ကျသတည်း။
예수님에 대한 예언과 성취