Evangel Open Church - E.O.C Myanmar

Evangel Open Church - E.O.C Myanmar Worship God in Spirit and Truth

07/07/2024
 #သုံးပါးတစ်ဆူ_ဘုရားသခင်_ယုံကြည်ရခြင်း- သုံးပါးတစ်ဆူ (Trinity) ဘုရားသခင် ယုံကြည်ကိုးကွယ်မှုဆိုတာ လူတွေတီထွင်ထားတဲ့ အရာမဟ...
18/05/2020

#သုံးပါးတစ်ဆူ_ဘုရားသခင်_ယုံကြည်ရခြင်း

- သုံးပါးတစ်ဆူ (Trinity) ဘုရားသခင် ယုံကြည်
ကိုးကွယ်မှုဆိုတာ လူတွေတီထွင်ထားတဲ့ အရာ
မဟုတ်ဘဲ သမ္မာကျမ်းစာ(Bible)ကို အခြေခံတဲ့
ခရစ်ယာန်ယုံကြည်ခြင်းရဲ့ အဓိကကျတဲ့ အယူ
ဝါဒ သွန်သင်မှုတစ်ခု ဖြစ်ပါတယ်။ ကျမ်းစာ နဲ့ ခရစ်ယာန်သမိုင်း မှတ်တမ်းများအရ မှန်ကန်တဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ လွဲမှားတဲ့ ခရစ်ယာန် ကိုး
ကွယ်ယုံကြည်မှု တို့ကိုခြားနားဖို့ အသုံးပြုကြတဲ့
စံပြု(Standard) အယူဝါဒ(Doctrine)လည်းဖြစ် ပါတယ်။သုံးပါးတစ်ဆူ(Trinity)ဘုရားသခင်ကို
ကက်သလစ် (Catholic) ခရစ်ယာန်များအပါအ ဝင် Orthodox နှင့် ပရိုတက်စတင့် (Protestant) ခရစ်ယာန်များ အများစုကလဲ လက်ခံ ယုံကြည်ကိုးကွယ်ကြပြီး ခရစ်ယာန်ယုံကြည်ခြင်းရဲ့နှလုံး
သားလို့ ပြောကြတဲ့ အယူဝါဒ(Doctrine)ဖြစ်ပါတယ်။

- သမိုင်း အထောက်ထားများအရ အေဒီ ၃၁၂ ခုနှစ်ခန့်မှာ သုံးပါးတစ်ဆူ ဘုရားသခင် အယူဝါဒမှာပါတဲ့ သခင်ယေရူခရစ်တော်(Son of God)ရဲ့ ဂုဏ်တော်(Divinity) ပတ်သက်ပြီး အငြင်းပွားမှုတွေကနေ စတင်ခဲ့ပြီးနောက် အသင်းတော်ဆိုင် ရာကောင်စီအသီးသီးခေါ်ယူပြီး ဆွေးနွေးအဖြေ ရှာဖို့ အားထုတ်ခဲ့ကြပါတယ်။ (၄) ရာစု အစော
ပိုင်းမှာတော့ အသင်းတော်ကောင်စီ အသီးသီး
မှ သုံးပါးတစ်ဆူ ဘုရားအယူဝါဒကို လက်မခံ
ကြတဲ့ ခရစ်ယာန်တွေကို မိစ္ဆာဒိဋ္ဌိ(Heresy ) လို့
သတ်မှတ်ခဲ့ကြပြီးနောက် ခရစ်ယာန်သမိုင်းတစ်လျှေက် ယနေ့အချိန်ထိ ကမ္ဘာ့အသင်းတော်များဆိုင်ရာ ကောင်စီအသီးသီးက တညီတစ်ညွတ် ရှုတ်ချခဲ့ ကြပါတယ်။

- ဒီနေ့ခေတ် ခရစ်ယာန် အသိုင်းဝိုင်းမှာ သုံးပါးတစ်ဆူ ဘုရားသခင်ကို လုံးဝယုံကြည်လက်မခံတဲ့ အသင်းတော်မြောက်များစွာ ရှိကြောင်းတွေ့
ရပါတယ်။ United Church of God, Jehovah’s, United Pentecostal church(UPC), Mormon Church (CJC), Jehovah’s Witnesses, living
Church of God, Unification church, The Way International, The Church of God နဲ့ Iglesia ni Cristo စတဲ့ အသင်းတော်များ ဖြစ်ပါတယ်။

- ဒီနေ့အထိ ကမ္ဘာလုံးဆိုင်ရာ အသင်းတော်များ ကောင်စီ (World Council of Churches)မှာက သုံးပါးတစ်ဆူ(Trinity)ဘုရားသခင်ကို ယုံကြည်လက်ခံခြင်းမရှိတဲ့ အသင်းတော်များကို အဖွဲ့ဝင် (Member)ခွင့်ပိတ်ပင် ထားပါတယ်။ မြန်မာပြည်မှာတော့ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာ မိတ်အဖွဲ့ချုပ် (MECA) မှာတော့ သုံးပါးတစ်ဆူ ဘုရားသခင်ကို ယုံကြည်လက်ခံခြင်း မရှိကြတဲ့ United Pentecostal Church ( UPC) အသင်းတော်ကို အဖွဲ့ဝင်(Full Member) အဖြစ် လက်ခံထားကြောင်း တွေ့ရပါတယ်။ အဓိက လက်ခံရတဲ့အကြောင်းရင်းကို လုံလောက်စွာတော့ မသိရပေမယ့် အချို့ခေါင်းဆောင်များရဲ့ ဖြေကြား
ချက်အရတော့ အင်းအားပိုတောင့်တင်းအောင် လက်ခံခြင်းသာဖြစ်ကြောင်း ဖြေကြပါတယ်။
ရာခိုင်နှုန်းအရ ပြောရရင် တစ်ကမ္ဘာလုံးမှာ ရှိတဲ့
ခရစ်ယာန် ၉၈ % ကသုံးပါးတစ်ဆူ ဘုရားသခင် လက်ခံယုံကြည်ကိုးကွယ်ကြပေမယ့်လို့ ၂% က
တော့ ယုံကြည်ဖို့ငြင်းပယ် ကြပါတယ်။

- ခရစ်ယာန်အများစု ယုံကြည်တဲ့သွန်သင်မှု ဖြစ်
ပေမယ့်လို့ သုံးပါးတစ်ဆူ ဘုရားကို ယုံကြည်ပါတယ်လို့ ခံယူကြတဲ့ သူတွေကလဲ ဒီ အယူဝါဒနဲ့ ပတ်သက်လာရင် စိတ်ဝင်စားခြင်း မရှိကြသလို လေ့လာသူတွေအရမ်းနည်းတာ တွေ့ရပါတယ်။ နောက်တော့ ကိုယ်ယုံကြည်ကိုးကွယ်တဲ့ ဘုရားနဲ့ ပတ်သက်လာရင် သူတပါးကိုရှင်းပြဖို့ မပြောနဲ့ ကိုယ်တိုင်က ဘာမှန်းမသိတဲ့ ခရစ်ယာန်ကိုက ဒုနဲ့ဒေး ပါ။ တစ်ဖက်မှာ အရမ်းကိုနက်နဲပြီး လူ့ဦးနှောက်ဖြင့် အဖြေရှာရ ခက်ခဲ့တဲ့ (Mystery) အယူဝါဒ (Doctrin) ဖြစ်လို့ပါဆိုပြီး ခရစ်ယာန် ဆရာ၊ ဆရာမအများစုက သုံးပါးတစ်ဆူဘုရား နဲ့ ပတ်သက်လာရင် ရှင်းပြဖို့မလိုဘူး ယုံကြည်ဖို့ပဲ လိုတယ်ဆိုပြီး အလွယ်တစ်ကူ ပြောဆို တတ်ကြပါတယ်။ သေချာတာက ကောင်းမွန်တဲ့ ဖြေရှင်းနည်းတော့ မဟုတ်ပါဘူး။ ဒီချိန်ထိ မြန်မာပြည်မှာ သုံးပါးတစ်ဆူ ဘုရားသခင် အယူဝါဒ သွန်သင်မှုကို ပုလ္လင်(Pulpit) ပေါ်ကနေ ယုံကြည် မှုအပြည့်နဲ့ ဟောပြောသွန်သင်တဲ့သူ အလွန်ရှားပါတယ်။

- ဒါကြောင့် ခရစ်ယာန်ဘာသာဝင်တိုင်း ကိုယ်ယုံကြည် ကိုးကွယ်တဲ့ဘုရားသခင်ကို မှန်ကန်စွာ သိစေလိုတဲ့ ဆန္ဒဖြင့် အချိန်ယူရေးသား ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘုရား သခင်ကို မှန်ကန်စွာ သိခြင်းထက် အရေးကြီးတဲ့ အရာလောကမှာ ဘာတစ်ခုမှ မရှိပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှင်းပြဖို့ တောင်းဆိုထားကြတဲ့ ယုံကြည်သူအားလုံး သမ္မာတရား(Bible) ကိုသိပြီး ယုံကြည်ခြင်း ခိုင်မြဲစွာဖြင့် ဘုရားသခင်ကို ယုံကြည်ကိုးကွယ် နိုင်ကြပါစေလို့ မေတ္တာပို့ ဆု တောင်းပေးပါတယ်။ အစကနေ အဆုံးသေချာ ဖတ်ပြီး ဝေဖန်ထောက်ပြ အကြံပေးမှုတွေအား လုံး ဝမ်းသာစွာ ကြိုဆိုပါတယ်။

#အကြီးမြတ်ဆုံးသော_ဘုရားသခင်

- အားလုံးတူညီတာ တစ်ခုကတော့ သုံးပါးတစ်ဆူ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံ ကြည်သည်ဖြစ်စေ ဘုရားသခင် (God) ဆိုတာ ပြည့်ဝစုံလင်စွာ (Perfectly) ဘယ်သူမှ မရှင်းပြနိုင်ဘူး ဆိုတာကို သိစေချင်ပါတယ်။ တစ်ကယ်လို့များ ပြည့်စုံစွာရှင်းပြနိုင်တယ်လို့ ပြောတဲ့သူက မိမိကိုယ်ကို မိမိဘုရားသခင် (God)လို့ သက်မှတ်ခြင်းသာ ဖြစ်ပါလိမ့်မယ်။ လူသားအားလုံးရဲ့ အသိက အကန့်သက်ရှိပြီးတော့ ဘုရားသခင်တစ်ပါးသာလျှင် အလုံးစုံကို ပြည့်ဝစုံလင်စွာသိ တဲ့သူ ဖြစ်ပါတယ်။ ပြည့်ဝစုံလင်စွာ မရှင်းပြနိုင်လို့ မယုံကြည်ရဘူးလား မေးခွန်းရှိကောင်း ရှိပါလိမ့်မယ်။ ဒီနေ့ သိပ္ပံခေတ်ကြီးမှာ ပြည့်ဝစုံလင်စွာ မရှင်းနိုင်ပေမယ့် မယုံကြည်လို့မရတဲ့ အရာအများကြီး ရှိပါတယ်။(ဥပမာ= အလင်း (Light) ကို ဒီနေ့ထိ ဘယ်သိပ္ပံပညာရှင်ကမှ ပြည့်ဝစွာ စုံ လင်စွာ မရှင်းပြနိုင်ကြပေမယ့် အလင်းရဲ့ တည် ရှိမှုကို မလက်ခံလို့ မရပါဘူး။နာမည်ကြီး ကမ္ဘာ့ နိုဘလ်(Noble) ဆုရှင် ရူပဗေဒ ပညာရှင်ဖြစ်တဲ့ Richard Feynman ကိုယ်တိုင်က ယနေ့ရူပဗေဒ က စွမ်းအင်(Energy )ဆိုတာ ဘာလဲဆိုတာမသိသလို ဘယ်သူမှ မရှင်းပြနိုင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ သေချာတာကတော့ စွမ်းအင်ရှိတယ် ဆိုတာ မယုံကြည်လို့ မရပါဘူး။ (၂၁)ရာစုရဲ့ ကမ္ဘာ့အတော်ဆုံးလို့ ပြောကြတဲ့ သိပ္ပံပညာရှင်ဖြစ်တဲ့ Stephen Hawking ကိုယ်တိုင်က တစ်ချို့ အမှန်တရားကို ပြည့်ဝစုံလင်စွာဖြင်ြ မရှင်းပြနိုင်ကြပေမယ့် လက်မခံလို့မရတဲ့ အရာတွေရှိတယ် ဆိုတာကို ပြောဆိုသွားခဲ့ဖူးပါတယ်။ ဘုရားသခင်ရဲ့ကြီးမြတ်ခြင်း အရာအားလုံးကို ဘယ်လူသား
မှ ပြည်ဝစုံလင်စွာ မသိနိုင်ကြပေမယ့်လို့ သူ့ရဲ့ တည်ရှိမှုကို စိတ်ချစွား ယုံကြည်လို့ရပါတယ်။
ဒါကြောင့် ခရစ်ယာန်ဘာသာဝင် ဖြစ်ပြီးတော့
ကျမ်းစာ (Bible)ကိုဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဖြစ်တယ်လို့ ယုံကြည်လက်ခံရင် သုံးပါးတစ်ဆူ ဘုရားသခင်ကို ပြည့်ဝစုံလင်စွာ မနား လည်နိုင်ရင်တောင် လက်မခံလို့ မရတဲ့ အမှန်တရားသာဖြစ်ပါတယ်။

#သီလော်ဂျီဆိုင်ရာဝေါဟာရအသုံးအနှုန်း

- သုံးပါးတစ်ဆူ (Trinity) ဆိုတဲ့ စကားလုံးက လက်တင် ဝေါဟာရဖြစ်တဲ့ “Trinitas” မှဆင်း သက်လာပြီး အဓိပ္ပာယ်က"သုံးထပ်"(threefold)
ဖြစ်ပါတယ်။သုံးပါးတစ်ဆူ(Trinity) စကားလုံး ကို (အေဒီ ၁၈၀) ခန့်မှာ အန္တိအုတ်မြို့က အသင်း
တော်ကို ဦးဆောင်ခဲ့တဲ အသင်းတော် ဖခင်ကြီး
ဖြစ်တဲ့ Theophilus ရေးခဲ့တဲ့( To Autolycus 2:
15) စာစောင်မှာ ပထမဦးဆုံးစတင် တွေ့ရှိရပါတယ်။ နောက်ပိုင်းမှာတော့ အသင်းတော် ဖခင်ကြီး တစ်ဦးဖြစ်တဲ့ Tertullian(အေဒီ ၁၅၅- ၂၄၀)
ရေးသားခဲ့တဲ့ စာစောင်မှာတွေ့ရတဲ့ အပြင်ကို ဒီ
သုံးပါးတစ်ဆူ(Trinity) မှန်ကန်ကြောင်း ခုခံကာကွယ်ခဲ့ပါတယ်။ ဆက်လက်ပြီး ဒီအချိန်ထိတိုင်
အသင်းတော်များကသုံးပါးတစ်ဆူဘုရားသခင်
ဟု သုံးစွဲကြပါတယ်။

- သုံးပါးတစ်ဆူ ဘုရားသခင် အယူဝါဒကို ဆန့်
ကျင်တဲ့သူတိုင်းရဲ့ လက်သုံးစကားက "ဘယ်မှာလဲ သုံးပါးတစ်ဆူ(Trinity) ဆိုတာ ကျမ်းစာမှာ ရှိလားပြ"စသည်ဖြင့် ပြောဆိုတတ်ကြပါတယ်။
ဒီစကားလုံးက ဘယ်ကျမ်းစာမှာမှ မတွေ့ရဘူး
ဆိုပြီး အောင်ပွဲခံ တတ်ကြပါတယ်။ မှန်ပါတယ်
ရှစ်နှစ်ကျော် ကျွန်တော်ရဲ့ ခရစ်ယာန် ယုံကြည်ခြင်းသင်ယူလေ့လာမှုအရ ဒီစကားလုံးကကျမ်း စာ(Bible)မှာရှိတယ်လို့ ပြောတဲ့သူတစ်ယောက်
မှ ခုချိန်ထိ မတွေ့ဖူး‌သေးပါဘူး။ ကျမ်းစာ သင် ယူလေ့လာသူတိုင်း သုံးပါးတစ်ဆူ (Trinity) ဆိုတဲ့စကားလုံးက ကျမ်းစာမှာလုံးဝမရှိမှန်းကို သိကြပါတယ်။ ဒါကိုသုံးပါးတစ်ဆူ(Trinity)ဘုရား သခင်ကို ယုံကြည်သူတွေလည်း သိကြပါတယ်။ သုံးပါးတစ်ဆူ(Trinity) လက်မခံတဲ့ အခြားတစ်
ဖက်က တစ်ဦးတည်းဖြစ်ခြင်း(Oneness) ဒါမှမ ဟုတ် တစ်ဆူတည်းဝါဒ(Unitarian) ယုံကြည်သူ
တွေသိဖို့ လိုတာကလည်း သူတို့ခုယုံကြည်တဲ့ ဒီ
စကားလုံးတွေက ကျမ်းစာမှာ လုံးဝမရှိပါဘူး။သုံးပါးတစ်ဆူကို ယုံကြည်ခြင်းက ဘုရား(God)
ကိုပြစ်မှားခြင်းလို့ ခံယူတဲ့ အစ္စလမ်ဘာသာဝင်မှာလည်း ဘာသာဝင်တိုင်းက Allah ဘုရားကို တစ်လုံးတစ်ဝတည်းသောဘုရား Allah’s Unity (Tawhid) ဖြစ်တယ်ဆိုတာ မယုံကြည်လို့မရပေမယ့် (Tawhid) ဆိုတဲ့စကားလုံးက ဘယ် Quran
ကျမ်းမှာ မရှိပါဘူး ။ ပြောချင်တာက ဒီဝေါဟာ ရ အသုံးအနှုန်းတွေက ဘုရားဗေဒ (Theology) ဆိုင်ရာစကားလုံး အသုံးနှုန်းဖြစ်တယ်ဆိုတာကို လေ့လာ သင်ယူသူတိုင်း နားလည်ကြပါတယ်။
ဒါကြောင့်သိစေချင်တာက သုံးပါးတစ်ဆူ ဆိုတဲ့ စကားလုံးအတိကျ အသုံးနှုန်းက ကျမ်းစာမှာ မရှိပေမယ့် သုံးပါးတစ်ဆူ ဘုရား ဖြစ်ကြောင်းကို
ကျမ်းစာက ငြင်းပယ်လို့မရအောင်ကို ရှင်းလင်းစွာတွေ့ရပါတယ်။

- အလွယ်ကူဆုံး နားလည်အောင် သုံးပါးတစ်ဆူဘုရားရဲ့ အဓိပ္ပယ် (Definition) ရှင်းပြရမယ်ဆိုရင် သုံးပါးတစ်ဆူ(Trinity) ဘုရားသခင်ဆိုတာ
“တစ်ဆူတည်းသော ဘုရားသခင်(God)တည်ရှိပြီး ထိုဘုရားသခင် (God) အတွင်းမှာ တစ်လုံး
တစ်ဝတည်းဖြစ်တဲ့ ခမည်းတော်(Father)၊သားတော်(Son)၊ သန့် ရှင်းသောဝိညာဉ်တော် (Holy Spirit) ဆိုပြီး ပုဂ္ဂိုလ်သုံးပါး တည်ရှိကြပါတယ်။ ထိုပုဂ္ဂိုလ်သုံးပါးက သီးခြားပုဂ္ဂိုလ်များ အဖြစ်ထာဝရတည်ရှိကြပြီး လုပ်ဆောင်မှုနဲ့ ရည်ရွယ် ချက်တွေက တူညီကြပါတယ်။”

- ‌ပြောချင်တာက သုံးပါးတစ်ဆူ(Trinity)ဆိုတာ တစ်ဆူတည်း တည်ရှိသော ဘုရားသခင်ကို ယုံ
ယုံကြည်မှု နဲ့ပတ်သက်ပြီး နားလည်မှုအပေါ်ဖွင့်ဆိုတဲ့ အသုံးအနှုန်းသာ ဖြစ်ပြီး ထိုတစ်ဆူတည်းသောဘုရား သခင်အတွင်း ခမည်းတော်၊သားတော်၊သန့်ရှင်းသော ဝိညာဉ်တော် ဆိုတဲ့ ပုဂ္ဂိုလ်သုံးပါးရဲ့တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းသဘောကို ရည်ညွှန်းတဲ့ အသုံးအနှုန်းဖြစ်ပါတယ်။

#ယုံကြည်ခြင်းရဲ့သက်သေ

- ခရစ်ယာန်သာသာဝင်တိုင်း ဘာဖြစ်လို့ သုံးပါးတစ်ဆူ(Trinity) ဘုရား အယူဝါဒ(Doctrine) ကိုယုံကြည်ဖို့လိုအပ်လဲ ဆိုတာကိုအချက် (၃) ချက်ဖြင့် ဆွေးနွေးတင်ပြချင်ပါတယ်။
(၁)နှုတ်ကပတ်တော်မှ သွန်သင်ခြင်း
(၂)ခရစ်ယာန်သမိုင်းမှ သက်သေများ
(၃)တွေးခေါ်မှုဆိုင်ရာအရ မှန်ကန်မှုရှိခြင်း

(၁) #နှုတ်ကပတ်တော်မှ_သွန်သင်ခြင်း

- သုံးပါးတစ်ဆူဘုရား မယုံကြည်တဲ့သူတိုင်း အ
မြဲပြောလေ့ ရှိတဲ့အရာက ကျမ်းစာကိုကြည့်ကြပါ ဆိုတဲ့အရာဖြစ်ပါတယ်။မှန်ပါတယ်ကျမ်းစာ
ကြည်တဲ့အခါ ကျမ်းချက်တစ်ခုသာ မဟုတ်ဘဲ ကျမ်းစာအားလုံး (Total Scripture) ကို သေချာကြည့်ပြီး လေ့လာဖို့လိုပါတယ်။ပြဿနာက သုံးပါးတစ်ဆူ(Trinity) လက်မခံတဲ့သူ အများစုက ကျမ်းစာကို မျက်လုံးတစ်ဘက်ပိတ်ဖြင့် ဖတ်ရှုလေ့လာတတ်ကြပါတယ်။သုံးပါးတစ်ဆူဘုရားဖြစ်ကြောင်း သက်သေပြဖို့ ကျမ်းစာမှာ မရှိဘူးလို့ ယူဆတတ်ကြပါသေးတယ်။ တစ်ချို့ဆရာတွေက သုံးပါးတစ်ဆူဘုရားကို ယုံကြည်တဲ့ သူ
မှာ သက်သေဆိုလို့ (ရှင်ယောဟန် ပထမစာစာင် ၅:၇-၈ ) သာရှိတယ်လို့ ပြောကြတဲ့ သူတွေလဲရှိပါတယ်။ အဖြေကတော့ ကျမ်းစာရဲ့ မူလစာမူ (manuscript) သမိုင်းလေ့လာမှုမရှိခြင်းနဲ့ ခရစ် ယာန် သမိုင်းလေ့လာမှု အားနည်းခြင်းကြောင့်သာ ဖြစ်ပါတယ်။ (ရှင်ယောဟန် ပထမစာစာင် ၅:၇-၈ ) ကျမ်းချက်ကို (Comma Johanneum ) လို့ခေါ်ကြပြီး ဒီ ကျမ်းချက်ကို (King James) ကျမ်းစာမှာသာ တွေ့ရပြီး တစ်ခြားဘာသာပြန် ကျမ်းများမှာ မတွေ့ရပါဘူး။ အကြောင်းရင်းက
ဒီကျမ်းချက်ကို(၁၅ ) ရာစုလောက်မှာသာတွေ့ရပြီး အစောပိုင်းဂရိကျမ်းတွေမှာ မတွေ့ရပါဘူး။ ဒါကြောင့်ဒီကျမ်းချက်ကို သုံးပါးတစ်ဆူ ဘုရားမှန်ကန်ကြောင်း ခုခံရှင်းလင်းဖို့ အသင်းတော်သမိုင်းမှာ မသုံးခဲ့ကြသလို ခုလဲကျွန်တော်လုံးဝ မသုံးပါဘူး။ရာစုတိုင်းမှာ သုံးပါးတစ်ဆူ ဘုရားယုံကြည်မှုကို ခုခံ ကာကွယ်မှုတိုင်းမှာ ကျမ်းစာ
ကိုသာ အခြေခံကြတာပါ။ ဒါကြောင့် ကျမ်းစာအားလုံး (Total Scripture)ကြည့်ပြီးလေ့လာကြရအောင်။

- ပထမဦးဆုံးကျမ်းစာက ဘုရား(God)ကို တစ်ဆူတည်းဖြစ်ကြောင်း တိကျစွာ ဖော်ပြတယ်။
တစ်ဆူတည်း တည်ရှိတဲ့ ဘုရားသခင်ဆိုတာက
ငြင်းစရာမလိုအောင် ဂျုး၊မွတ်စလင်၊ခရစ်ယာန် နဲ့ Oneness အပါဝင်အားလုံးက ယုံကြည်ကြပါတယ်။ ကျမ်းစာမှာ တစ်ဆူတည်းသော ဘုရား
ဆိုတာ ရှင်းလင်းစွာ ဖော်ပြထားပါတယ်။
📖 ထာဝရဘုရားသည် တစ်ဆူတည်းသောဘု ရားဖြစ်တော်မူ၏။ (တရားဟောရာကျမ်း ၆:၄)
📖 တစ်ဆူတည်းသော ဘုရားမှ အဘယ်ဘုရားမှမရှိ။(ကောရိန္တုသြဝါဒစာပဌမစောင် ၈:၄)
📖 ဘုရားသခင်သည် တစ်ဆူတည်းဖြစ်တော်မူ၏။(တိမောသေသြဝါဒစာ ပဌမစောင် ၂:၅)

- ဒုတိယအချက်အနေဖြင့် စဉ်းစားဖို့ လိုတာကကျမ်းစာက #တစ်ဆူတည်း လို့ သုံးတဲ့အခါမှာ ဘယ်လိုတစ်ဆူကို ဆိုလိုတာလဲဆိုတာကို သိဖို့လိုအပ်ပါတယ်။ ဟေဗြဲစကားလုံး(Hebrew) ကိုအသေးစိတ် လေ့လာမယ်ဆိုရင် တစ်ဆူတည်း (One God) ပြောတဲ့ အရာကလုံးဝ တစ်(one) မှ တစ်(one) ဆိုပြီးအမြဲဆိုလိုခြင်း မဟုတ်ဘဲ တစ်ခုနဲ့တစ်ခုပေါင်းမှတစ် Echad (אֶחָד) ဖြစ်တာကိုသုံးနှုန်းထားခြင်း ဖြစ်ပါတယ်။ ပြောချင်တာက နှစ်လွှာပေါင်းမှ တစ်(one)ရွက်ဖြစ်ခြင်းလို ပုံစံကိုဆိုလိုခြင်း ဖြစ်ပါတယ်။

- ဒါကြောင့် ဟေဗြဲဘာသာလို တစ်ဆူတည်းလို့ သုံးတဲ့အခါ တစ်(One)ကို Echad (אֶחָד) ဆိုပြီး အသုံးပြုထားပါတယ်။ ဒီ စကားလုံးကို အခြားကျမ်းတွေမှာလဲ သုံးထားပါတယ်။ ဥပမာ -
📖 ညဦး နှင့် နံနက်ပေါင်းမှ တစ်Echad (אֶחָד) ရက်ဖြစ်ကြောင်း...။(ကမ္ဘာဦးကျမ်း ၁:၅)
📖 ယောက်ျား နဲ့မိန်းမပေါင်းမှ တသားတကိုယ် တည်း Echad (אֶחָד)ဖြစ်ကြောင်း...။ (က၂:၂၄)
📖 အသီးတပြွတ်ပါသော စပျစ်ပင် အခက်တခက် Echad (אֶחָד)ဖြစ်ကြောင်း..။(တော၁၃:၂၃)
📖 တုတ်နှစ်ကြောင်းကို တစ်Echad (אֶחָד) ချောင်း ဖြစ်စေကြောင်း...။ (ယေဇကျေလအနာ ဂတ္တိကျမ်း ၃၇:၁၇)

- တစ်ကယ်လို့ တစ်ဆူတည်းဘုရား တစ်(one)မှ တစ်(one)လို့ သုံးချင်ရင်တော့ ဟေဗြဲစကားလုံးဖြစ် Yachid (יָחִיד) သုံးရမှာပါ။ ဥပမာ -
📖 သူသည် တစ်ဦးတည်း Yachid (יָחִיד) သမီးဖြစ်၍ သူမှတပါး အခြား သမီးမရှိ..။ (တရားသူ ကြီး မှတ်စာ ၁၁:၃၄)
📖 တစ်ယောက်တည်းYachid (יָחִיד)သောသား သေသည်...။(ယေရမိ အနာဂတ္တိကျမ်း ၆:၂၆)

- ဒီကျမ်းချက်တွေကို စနစ်တစ်ကျလေ့လာခြင်းအားဖြင့် ယုံကြည်စိတ်ချစွာ အဆုံးသက်နိုင်တာ တစ်ခုက တစ်ဆူတည်းဘုရားဆိုတာ တစ်(one) မှ တစ်(one)ကို ဆိုလိုခြင်းမဟုတ်ဘဲ တစ်ဆူ
တည်းမှာ ပုဂ္ဂိုလ်များရှိပြီး ထိုပုဂ္ဂိုလ်များပေါင်းမှ တစ်ဆူဖြစ်ကြောင်းကို သိနိုင်ပါတယ်။

- ဆက်ပြီးလေ့လာကြည့်မယ်ဆိုရင် ဓမ္မဟောင်းကျမ်းမှာ
📖 ထိုအခါ ထာဝရဘုရား(Yahweh) သည်ထာ ဝရဘုရား (Yahweh) ထံတော်မှ သောဒုံမြို့ နှင့်ဂေါမောရမြို့အပေါ်သို့ကန့်နှင့် မီးမိုးကိုရွာသွန်း စေတော်မူ၏။(ကမ္ဘာဦးကျမ်း ၁၉:၂၅ မှာ )

🤔 စဉ်းစားကြည့်ပါ တစ်ဆူတည်း ဘုရားဆိုပြီး ဘယ်လိုဖြစ်ပြီး “ထာဝရဘုရား(Yahweh)သည် ထာဝရဘုရား(Yahweh) ထံတော်မှ” ဖြစ်ရတာလဲ။[ ? ]

📖 ဘုရားသခင်(Elohim ) သည် သောဒုံမြို့ နှင့် ဂေါမောရမြို့တို့ကိုဖျက်စီး သကဲ့သို့ သင်တို့အ ချို့ကို ငါမှောက်လှန်၍ သင်တို့သည် မီးထဲက နှုတ်သော ထင်းစကဲ့သို့ ဖြစ်စေကြပြီ သို့သော် လည်းငါ့ထံသို့ပြန်၍ မလာကြဟု ထာဝရဘုရားသခင် (Yahweh) မိန့်တော်မူ၏။ (အာမုတ် ၄ :၁၁ )

🤔 နောက်တစ်ခုစဉ်းစားကြည့်ပါ တစ်ဆူတည်း ဘုရားဆိုပြီး ဘယ်လိုဖြစ်ပြီးတော့“ဘုရားသခင် (Elohim ) သည် သောဒုံမြို့ နှင့် ဂေါမောရမြို့တို့ကိုဖျက်စီးသကဲ့သို့.ထာဝရဘုရား (Yahweh) မိန့်တော်မူ၏။ နှစ်ဆူလိုဖြစ် မနေဘူးလား။ [?]

📖 ထာဝရဘုရား(Yahweh)က ....ငါ့လက်ျာဘက်၌ ထိုင်နေလောဟု ငါ၏ ဘုရား( Adonai) အားမိန့်တော်မူ၏။(ဆာလံကျမ်း ၁၁၀:၁)

🤔 နောက်ဆုံးတစ်ခု စဉ်းစားကြည့်ပါ တစ်ဆူတည်းဘုရားဆိုပြီး “ထာဝရဘုရား(Yahweh) က...ဘုရား (Adonai)အား မိန့်တော် မူ၏။” ဆို
တော့ ဒီမှာလည်း ဘုရားနှစ်ဆူလိုဖြစ်နေပြန်တာ တွေ့ရပါတယ်။ ဒီမှာ လုံးဝအရေးကြီးတဲ့ အရာကဒီကျမ်းရဲ့ ဘုရား(Adonai)ဆိုတာ သခင်ခရစ် တော်က သူကိုယ်တိုင်ဖြစ်ကြောင်းကို (ရှင်မဿဲ ခရစ်ဝင်ကျမ်း ၂၂:၄၃-၄၅) မှာ ပြန်လည်ရှင်းပြခဲ့ပါတယ်။

📖ဒံယေလ Visionမှာ ထာဝရဘုရား(Yahweh)
အပြင်ကိုအခြား သူမြင်ရတဲ့အရာက “ လူသားနှင့် တူသော သူတစ်ဦးသည် မိုလ်းကောင်းကင်စီးလျက်၊ အသက်ကြီးသော သူ၏ထံတော်သို့ ရောက်လာ၏။..." (ဒံယေလအနာဂတ္တိ ၇:၁၃)

🤔 ဒီမှာ စဉ်စားစရာ ပေါ်လာပြန်တာ ကတော့ (တရားသူကြီးမှတ်စာ ၃၃:၂၆ )မှာ“မိုဃ်းကောင်း ကင်ကိုစီးတော်မှုသောယေရှုရုန်အမျိုး၏ဘုရား ခင်နှင့် တူသောသူမရှိ။ "လို့ ဖော်ပြတဲ့ အတွက် လူသားနဲ့တူသောသူကလည်းထာဝရဘုရားသာဖြစ်ပါတယ်။ ဒါဆို ထာဝရဘုရား နှစ်ဆူပုံစံ လို့ထင် မှားစရာတွေဖြစ်လာပါတယ်။ဒါပေမယ့်လို့ ဓမ္မဟောင်းမှာ အားလုံးက တစ်ဆူတည်းသော ဘုရားကိုသာ ကိုးကွယ်ယုံကြတာပါ။

📖 ... ငါသည် ဘုရားဖြစ်၏။ငါသည် အဦးဆုံးသောသူ၊နောက်ဆုံးသော သူဖြစ်၏။...ယခုတွင် အရှင်ထာဝရဘုရားနှင့်ဝိညာဉ်တော်ကစေလွှတ် တော်မူ၏။ (ဟေရှာယ ၄၈း၁၂ - ၁၆ )

🤔 ဒီနေရာမှာ ဘုရားသုံးဆူများရှိသလားဆိုပြီး
ထင်မှား နိုင်ပါတယ်။‌ဒါကြောင့် သုံးပါးတစ်ဆူလို့ ဓမ္မဟောင်းမှာ မသုံးထားပေမယ့်လို့ တစ်ဆူတည်းမှာ ပုဂ္ဂိုလ်များရှိကြောင်းကို ထင်ရှားစွာ
တွေ့ရပါတယ်။

- ဓမ္မသစ်ကျမ်းကို ရောက်လာတော့ တမန်တော်များနှင့် ရှေးကနဦးယုံကြည်သူများ အများစုက ဓမ္မဟောင်းကျမ်းရဲ့ ဆိုလိုရင်းကိုကောင်းစွာနား
လည် သဘောပေါက်ကြပါတယ်။ သခင် ခရစ် တော်အပါအဝင် တမန်တော်အားလုံးက ဂျုးလူ မျိုးဖြစ်ကြပြီး တစ်ဆူတည်းသောဘုရားကိုသာ ခြွင်းချက်မရှိ ယုံကြည်ကိုးကွယ်ကြပါတယ်။ ဓမ္မသစ်ကျမ်းကို ရေးသားတဲ့ သူတွေအာလုံးက (လုကာမှလွဲပြီး) ဂျုးလူမျိုးများသာ ဖြစ်ကြပါတယ်။ တမန်တော်ဝတ္တု ၁၇:၁၁ မှာ
📖 နှုတ်ကပတ် တရားတော်ကို ခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှါ၊ကျမ်းစာကို(ဓမ္မဟောင်း ကျမ်း) နေတိုင်းအစဉ်စေ့စေ့ ကြည့်ရှုကြ၏။ လို့
ဖော်ထားလို့ သူတို့အားလုံး ဓမ္မဟောင်းကျမ်းကို ကြေညက်စွာ လေ့လာထားကြကြောင်းတွေ့ရပါ
တယ်။ ဒါကြောင့် ဓမ္မသစ်ကျမ်း မှာ ဓမ္မဟောင်းကျမ်းမှ ကျမ်းချက်ပေါင်း ၈၅၅ လောက် ပြန်ပြီး ပါဝင်တာ တွေ့ရပါတယ်။ ဆိုလိုတာက ဓမ္မသစ်ကျမ်းက ဓမ္မဟောင်းကျမ်းနဲ့ ကွဲလွဲသွားတာမျိုး မဟုတ်ပဲ ဝိညာဉ်တော် ဖွင့်ပြမှုမှ တစ်ဆင့် ပိုပြီး အဓိပ္ပာယ်ကို ရှင်းလင်းစွာ နားလည်ခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဓမ္မဟောင်းကျမ်း တည်ရှိပြီးသားဖြစ်တဲ့ သုံးပါးတစ်ဆူ(Trinity)ကို ဓမ္မသစ်ကျမ်းပိုမိုရှင်းလင်းစွာ ဖော်ပြထားတာ တွေ့ရပါတယ်။

- ဓမ္မသစ်ကျမ်း(NT)မှာ ဓမ္မသစ်ဟောင်းကျမ်းကလိုပဲ ခမည်းတော် (Father)ကို ထာဝရဘုရား (Yahweh) အဖြစ် ရှင်းလင်းစွာ ဖော်ပြထားပါတယ်။
📖...ငါတို့ အဘ(ခမည်းတော်) ထာဝရဘုရား (Yahweh) အထံတော်မှ... " ( ဖိလိပ္ပိ ၁း၂ )
📖... ကောင်းကင်ဘုံ၌ သင်တို့အဘ တပါးတည်း ( GOD) ရှိတော်မူ၏။ (မဿဲ ၂၃:၉)
📖 ခပ်သိမ်းသော ငါတို့၏ အဘဖြစ်သော ဘုရားသခင်တဆူတည်း( Yahweh) ရှိတော် မူ၏။ (ဧဖက် ၄: ၆)

- ပြီးဝောာ့ သားဝောာ်ဖြစ်တဲ့ သခင်ခရစ်တော် (Son) ကိုလည်း ထာဝရဘုရား ( Yehweh or Elohim) အဖြစ်ရှင်းလင်းစွာ ဖော်ပြထားပြန်ပါတယ်။( Elohim ကို ဂရိလို θεός (Theos)လို့ပြန်ပြီး အင်္ဂလိပ်လိုတော့ (GOD) လို့ဘာသာပြန်ပါတယ်။)
📖 ကြီးမြတ်သော ဘုရားသခင်(GOD)တည်း ဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင် သခင်ယေရှုခရစ်တော်...။( တိတု ၂: ၁၃)
📖 ငါတို့ဘုရားသခင်(GOD) ယေရှုခရစ်၏ ဖြောင့်မတ်ခြင်း တရားကိုငါတို့ ယုံကြည်သည်နည်းတူ...။ (၂ ပေ ၁:၁)
📖 ထိုခရစ်တော်သည် လည်းခပ်သိမ်းသော အရာတို့ကို အစိုးရ တော်မူ၍ ထာဝရမင်္ဂလာရှိတော်မူသော ဘုရားသခင်(GOD) ဖြစ်တော်မူ ၏။ အာမင်။ (ရောမ ၉:၅)
📖 သောမကလည်း၊ အကျွန်ုပ်၏ အရှင်၊ အ
ကျွန်ုပ်၏ ဘုရားသခင်(GOD) ပါတကားဟု ပြန်၍ လျှောက်၏။ (ယောဟန် ၂၀:၂၈)
📖 ရှင်ယောဟန်က သခင်‌ယေရူခရစ်ဝောာ်က
Ἐγώ εἰμί( I Am)ဖြစ်ကြောင်းကို (ရှင်ဟောဟန်
၈:၂၄, ၈:၅၈, ၁၃:၁၉, ၁၈:၅-၆) မှာဖော်ပြထားပါတယ်။ ဓမ္မဟောင်းကျမ်းမှာ" I Am” (אֶֽהְיֶ֖ה ) ကို
Yehweh နာမအဖြစ် အသုံးပြု ထားပါတယ်။
( ထွက်မြောက်ရာကျမ်း ၃:၁၄)
📖 သခင်ခရစ်တော်ကို ဖန်ဆင်းရှင်(Yehweh)
အဖြစ် ကိုးကွယ်ကြပါတယ်။( ‌ယောဟန် ၁:၃, ကောလောသဲ ၁: ၁၆-၁၇, ဟေဗြဲ ၁:၂-၃)

- ဓမ္မဟောင်းကျမ်းလိုပဲ ဓမ္မသစ်ကျမ်းမှာ သခင်
ခရစ်တော်ကိုယ်တိုင်က (ရှင်မာကု ၁၂:၂၉) မှာ
📖ငါတို့၏ဘုရားသခင် ထာဝရ ဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။ ထာဝရဘုရားသည် တပါးတည်းဖြစ်တော်မူ၏။

- လို့ရှင်းလင်းစွာ ဖော်ပြထားပေမယ့် တစ်ဖက်မှာလဲ ခမည်းတော်ကို ထာဝရဘုရား(Yehweh) အဖြစ်၊ သားတော်(ခရစ်တော်)ကိုလည်းထာဝရ ဘုရား(Yehweh)အဖြစ်ရှင်းလင်းစွာဖော်ပြထား ပါတယ်။ပြီးတော့ ခမည်းတော် နဲ့ သားတော်က
ထာဝရဘုရား(Yehweh)ဖြစ်ကြပေမယ့် ပုဂ္ဂိုလ်မတူဘူးဆိုတာကို လေ့လာတွေ့ရှိပါတယ်။

📖 ယေရှုက၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကို...။ (ယောဟန် ၄:၃၄)
📖 ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော် ၏ အလိုသို့ လိုက်၏။ (ယောဟန် ၅:၃၀)
📖 ငါသည် ကိုယ်အလိုအလျောက် ဟောသည်မဟုတ်၊ငါ့ကိုစေလွှတ်တော်မူသောခမည်းတော် သည် အဘယ်သို့ ငါဆုံးမဟောပြော ရမည်ကို ပညတ်ပေးတော်မူပြီ။ (ယောဟန် ၁၂:၄၉)
📖 ... သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။ (ဂလာတိ ၄:၅)

-အထက်က ကျမ်းချက်တွေကိုကြည့်ရင် ခမည်း
တော်( Father)ကစေလွှတ်သူဖြစ်ပြီးတော့ သားတော် (Son) က စေလွှတ်ခံရသူ ဖြစ်ကြောင်းကို
ခြွင်းချက်မရှိ ရှင်းလင်းစွာ တွေ့ရပါတယ်။ ပြီး
တော့(ယောဟန် ၁၇:၂၀-၂၄)မှာသခင်ခရစ်တော်
(Son)က ခမည်းတော်ထံ ဆုတောင်းခဲ့ပါတယ်။

📖 အိုအဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမှီအကျွန်ုပ်ကိုချစ်၍ အကျွန်ုပ်အားပေးတော် မူသော ဘုန်းတော်ကိုအကျွန်ုပ်အား ပေးတော်မူသောသူတို့သည်ရှုမြင်ရမည်အကြောင်းအကျွန်ု ပ် ရှိရာအရပ်၌ အကျွန်ုပ်နှင့် အတူရှိနေစေခြင်းငှါ အကျွန်ုပ်အလိုရှိပါ၏။

📖 အိုအဘ၊ ဤကမ္ဘာမတည်မရှိမီ အထံတော် ၌အကျွန်ုပ်ခံစားသော ဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကို အထံတော်၌ မြှောက်တော်မူပါ။ (ယောဟန် ၁၇:၅)

- ဒီကျမ်းချက်တွေမှာ သခင်ခရစ်တော် (SON) က ကမ္ဘာမတည်မရှိမှီကတည်းက ခမည်းတော်
(FATHER) နဲ့အတူတည်ရှိကြောင်း ပေါ်လွင်ထင်
ရှားလှပါတယ်။ဒါ့ကြောင့်(ရှင်ယောဟန် ၁:၁)မှာ
📖 အစအဦး၌ နှုတ်ကပတ်တော်(SON)ရှိ၏။ နှုတ်ကပတ်တော် (SON)သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်(SON)သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။လို့ဖော်ပြထားခြင်းဖြစ်ပါတယ်။

- ဒါရှင်ပေါလုက (ဖိလိပ္ပိ ၂:၆- ၁၁) ထပ်မံရှင်းပြထားပါတယ်။
📖ထိုသခင်သည် ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သော အမှုကို လုယူခြင်း အမှုဟူ၍ မထင်မမှတ်လျက်ပင်၊မိမိအသရေကိုစွန့်၍အစေခံကျွန် ၏ သဏ္ဌာန်ကိုယူဆောင်လျက်၊ လူကဲ့သို့သော အဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။

- ဘုရားသခင်ရဲ့ သဏ္ဌာန်တော်နှင့် ကမ္ဘာမတိုင်
မှီ ခမည်းတော်(FATHER)နဲ့အတူတည်ရှိပြီးသား သားတော်က (SON)က စွန့်လွှတ်ကာ လောကီ သားတွေ အတွက်ဆင်းကြွလာကြောင်း သိရှိရပါတယ်။

- နောက်ဆုံး သန့်ရှင်းသော ဝိညာဉ်တော်(Holy
Spirit)ကို ထာဝရဘုရား(Yehweh or Elohim)
အဖြစ် ဓမ္မသစ်ကျမ်းမှာ ဖော်ပြထားကြောင်း
တွေ့ရှိရပါတယ်။

📖ပေတရုကလည်း၊ အာနနိ၊ သင်သည်
#သန့်ရှင်းသောဝိညာဉ်တော် ကိုလှည့် စား၍၊ မြေကိုရောင်းသော အဘိုး၏ တဘို့ကိုထိမ်ဝှက်မည်အကြောင်း၊ စာတန်သည် သင်၏ စိတ်နှလုံးကို အဘယ်ကြောင့်ပြည့်စေရသနည်း။ ထိုမြေရှိစဉ်တွင် ကိုယ်ပိုင်သည် မဟုတ်လော။ ရောင်း၍ ရသော အဘိုးသည် ကိုယ်ဥစ္စာဖြစ်သည်မဟုတ်လော။ အဘယ်ကြောင့်ဤသို့ ကြံစည်သနည်း။ လူကိုသာမုသာပြောပြီ မဟုတ်၊ #ဘုရားသခင်
(GOD) ကိုလည်းမုသာပြောပြီဟု ပေတရုဆို၏။
(တမန်တော် ၅:၃-၄)

- ဒီနေရာမှာ ပေတရု သန့်ရှင်းသောဝိညာဉ်တော်
ကို ဘုရားသခင်(GOD)ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဟေဗြဲ ၉:၁၄ မှာ သန့်ရှင်းသောဝိညာဉ်တော်က ထာဝရတည်ရှိကြောင်းကို ဆက်လက်ဖော်ပြပြီး(၁ကော ၂:၁၀)မှာလည်းသန့်ရှင်းသော ဝိညာဉ်တော်က အရာခပ်သိမ်း သိမြင်ကြောင်း
ရှင်းပြထားပါတယ်။

📖ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အား ဘော်ပြ တော်မူ၏။ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်၏ နက်နဲ သော အရာတိုင်အောင် ခပ်သိမ်းသော အရာတို့ကို စစ်တော်မူ၏။

- သန့်ရှင်းသောဝိညာဉ်တော်က ပုဂ္ဂိုလ်ဖြစ်ပြီး
စကားပြောကြောင်း တွေ့ရပါတယ်။
📖 ထိုသူတို့သည် သခင်ဘုရား ဝတ်ကိုပြု၍
အစာကိုရှောင်ကြစဉ်၊ သန့်ရှင်းသော #ဝိညာဉ်တော်က၊ ငါခန့်ထားသော အမှုကို ဆောင်ရွက်စေခြင်းငှါ ဗာနဗနှင့်ရှောလုတို့ကို ရွေးချယ်ခွဲထားကြလော့ဟု မိန့်တော်မူသည်အတိုင်း၊
(တမန်တော် ၁၃::၂)

- နောက်ပြီး ရှင်ပေါလုက သန့်ရှင်းသောဝိညာဉ်တော်မှာ စိတ်သဘောရှိကြောင်းကို ဖော်ပြထား
ပါတယ်။
📖စိတ်နှလုံးကိုစစ်တော်မူသော သူသည်လည်း ဝိညာဉ်တော်၏ #စိတ်သဘောကို သိတော်မူ၏။ အကြောင်းမူကား၊ ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏ အလိုတော်နှင့်အညီစောင့်မတော်မူ၏။ (ရောမ
၈:၂၇)

- ဒါ့ကြောင့် ကျမ်းစာအားလုံး သေချာလေ့လာ
ကြည့်ရင်
✝️ ခမည်းတော်ကို ထာဝရဘုရား(Yehweh)
✝️ သားတော်ကို ထာဝရဘုရား(Yehweh)
✝️ ဝိညာဉ်တော်ကို ထာဝရဘုရား(Yehweh)
- ဆိုပြီး တွေ့ရပြီး ဒီသုံးပါးက သီးခြားပုဂ္ဂိုလ်များဖြစ်ကြောင်းလဲ ဖော်ပြထားပါတယ်။ဒါကို
(ရှင်ယောဟန် ၁၄:၂၆) မှာ

📖 #ခမည်းတော် (FATHER)သည် #ငါ့အတွက်ကြောင့်(SON) စေလွှတ်တော်မူသော ဥပဇ္ဈာယ် ဆရာတည်းဟူသော #သန့်ရှင်းသောဝိညာဉ်တော်( Holy Spirit)သည် သင်တို့အား ခပ်သိမ်း သော အရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသောစကားတို့ကိုမှတ်မိသောဉာဏ် ကို သင်တို့အား ပေးတော်မူမည်။

📖 #ယေရှုသည်(SON)ဗတ္တိဇံ ကိုခံတော်မူပြီးလျှင်၊ ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ #ဘုရားသခင်၏ #ဝိညာဉ်တော် (Holy
Spirit)သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ် တော်အပေါ်၌နားတော်မူသည်ကို မြင်ရ၍၊ ဤ သူကားငါနှစ်သက် မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု #ကောင်းကင်ကအသံတော်
(FATHER)ဖြစ်လေ၏။ (မဿဲ ၃:၁၇)

📖 #ခမည်းတော်(FATHER)ထံမှထွက်လာ၍ သမ္မာတရားနှင့် ပြည့်စုံသော #ဝိညာဉ်တော်
( Holy Spirit) တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ #ငါ(SON) စေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာသော အခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။
(ယောဟန် ၁၅:၂)

📖 သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက်၊ #ခမည်းတော်၊ #သားတော်၊
#သန့်ရှင်းသောဝိညာဉ်တော် ၏ နာမ၌ ဗတ္တိဇံ ကိုပေးကြလော့။ ( မဿဲ ၂၈:၁၉ )

- နိဂုံးချုပ် ပြောချင်တာက သုံးပါတစ်ဆူ ဘုရား
ကို မယုံကြည်နိုင်ဘူးဆိုရင် ကျမ်းစာမယုံကြည်ဖို့ပဲ ရှိပါတယ်။ ဘယ်အသင်းတော် ကောင်စီမစ
ခင် တမန်တော်ကြီးများခေတ်မှာ သုံးပါးတစ်ဆူ
ဆိုတဲ့ဝေါဟာရ အသုံးမပြုကြပေမယ့်လို့သုံးပါး
တစ်ဆူရဲ့ အယူဆကတော့ ကျမ်းစာကဖုံးကွယ်
ထားခြင်းမရှိပဲရှင်းလင်းစွာဖော်ပြထားကြောင်း
လေ့လာ တွေ့ရှိရပါတယ်။ ထောမနာ သီချင်းနဲ့
အဆုံးသတ်ပါစေ

✝️ ကောင်းကျိုးလုံးစုံ ပေးတော်မူသော
ခမည်းတော်၊ သားတော်၊ ဝိညာဥ်တော်
ဂုဏ်ကျေးဇူးတော်ကို ချီိးမွမ်းကုန်
နတ်မိတ္တ သတ္တဝါလုံးစုံ အာမင်။

- မေတ္တာဖြင့်
- ရှိုင်းကိုကိုလင်း
( ဒုတိယပိုင်း ဆက်ရန်)

( #မှတ်ချက် စာရေးသူ၏ သုတေသနစာတမ်း
( Thesis)ပြုစုနေသည့ အစိပ်အပိုင်းဖြစ်လို့ ခွင့်ပြုချက်မရဘဲ Copy ကူးခြင်း သည်းခံပါ။)

#ကိုးကား
- The Forgotten Trinity by James White
- Father,Son, and Holy Spirit by Bruce Ware
- Seeking Allah, Finding Jesus by Nabeel
Qureshi
- The Holy Trinity: In Scripture, History,
Theology, and Worship by Robert Letham
- Dictionary of Early Christian Belief by
David W. Bercot
- ESV Study Bible

13/05/2020

- နိုးထခြင်း( Revival) ဆိုတာ ဘာလဲ ...?//🤔//
================================

- နိုးထမှု ဆိုတဲ့ စကားလုံးက ခရစ်ယာန်လောကမှာတော့ အင်မတန်မှ ခေတ်စားနေတဲ့ ဝေါဟာရဖြစ်ပါတယ်။ ဒီနေ့မှာ ကမ္ဘာလုံးဆိုင်ရာ နိုးထမှု ( Global Revival)၊ ဝိညာဉ်နိုးထခြင်း ( Spiritual Revival)၊ အသင်းဝောာ်များ နိုးထခြင်း(Church Revival) စသည်အားဖြင့် ပုံစံအမျိုးမျိုးနဲ့ ကမ္ဘာ့နိုင်ငံဒေသ အသီးသီးမှာ ကျင်းပပြုလုပ်ကြ သ လို မြန်မာပြည်မှာလည်း ကျင်းပပြုလုပ်ကြပါတယ်။ ခုချိန်မှာ အားလုံးက (Online Revival) ဆိုပြီး ပုံစံမျိုးမျိုးဖြင့် ကျင်းပလျက်ရှိပါတယ်။ ကျွန်တော်တို့ မိသားစု၊ လူမျိုး၊ အသင်းတော်၊ ဒေသ၊ နိုင်ငံကို နိုးထစေပါဆိုပြီး ဝိညာဉ်တော်ဘုရားခေါ်ဖိတ်ကာ ငိုကြွေးဆုတောင်းသံတွေလဲ ကြားဖူးကြမှာပါ။ အစာရှောင် ဆုတောင်းခြင်း အစီ စဉ်တွေမှာလည်း နိုးထခြင်းဆိုတာ မပါမဖြစ်တဲ့ စ ကားလုံး ဖြစ်ပါတယ်။ ဓမ္မသီချင်း မြောက်များစွာမှာ နိုးထမှုဆိုတာ အင်မတန် အသုံးများတဲ့ စ ကားလုံးလဲ ဖြစ်ပါတယ်။ တစ်ချို့ဆိုရင် နိုးထမှုကို ကြိုက်နှစ်သက်ကြလွန်းလို့ အသင်းတော်ရဲ့ အမည်ကို Revival အသင်းတော်လို့တောင် ပေးတတ်ကြ ပါတယ်။ ဒါပေမယ့်လို့ နိုးထမှု ဆိုတာ ဘာလဲလို့မေးရင် မသိတဲ့သူ အင်မ တန်များနေတယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။ သိတဲ့သူတွေရဲ့ အဖြေတွေက ကွဲလွဲမှုတွေ ရှိနေပြီးတော့ လွဲမှားနေတာတွေလဲ တွေ့ရှိရပါတယ်။

- သခင် ယေရူခရစ်တော်က ရှမာရိအမျိုးသမီးကို " သင်တို့သည် ကိုယ်မသိသော အရာကို ကိုး ကွယ်ကြ၏။" လို့ပြောသလိုမျိုး မဖြစ်ရအောင် နိုးထမှုဆိုတာကို ခရစ်ယာန်တိုင်း သိသင့်တဲ့ အ ရာပါ။ ဒါကြောင့် ကျမ်းစာကိုအခြေခံပြီးတော့
ခရစ်ယာန် သမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ နိုးထခြင်းရဲ့ အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက်တွေကို အတူလေ့လာဖို့ ဖိတ်ခေါ်ပါရစေ။ အားလုံးရဲ့ ဝေဖန်၊ အကြံ ပေးမှုတွေကို ကြိုဆိုပါတယ်။

#နိုးထခြင်းဝေါဟာရသမိုင်းအကျဉ်း

- အင်္ဂလိပ်စကားလုံးဖြစ်တဲ့ Revival (နိုးထခြင်း) ဆိုတာ ပြင်သစ်စကားလုံးဖြစ်တဲ့ "Revivere" မှလာပြီး မူရင်းကတော့ လက်တင်စကားလုံး ဖြစ်
တဲ့ Re(နောက်ထပ်) နဲ့ vivere( အသက်ရှင်ဖို့) ကို
ပေါင်းစပ်ပြီး " ပြန်၍အသက်ရှင်လာသည်" လို့
အဓိပ္ပါယ် ရပါတယ်။ ၁၅ ရာစုလောက်မှာစတင်
သုံးစွဲခဲ့ကြပါတယ်။ ခရစ်ယာန် သမိုင်းမှာတော့
ပျူရီတန် အမှုတော်ဆောင်( Puritan Minister)
ဖြစ်တဲ့ Cotton Mather (1663-1728) က နိုးထ
ခြင်း( Revival) ပထမဦးဆုံး စတင်သုံးစွဲခဲ့ဟန်ရှိပြီး "ဘာသာရေးနိုးကြားမှု" လို့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်။

#ကျမ်းစာနဲ့နိုးထခြင်း ( Bible and Revival)

- ဓမ္မဟောင်းကျမ်းက ဟေဗြဲ(Hebrew) စကား လုံးဖြစ်တဲ့ חָוָה( chayah) နဲ့ ‎מִחְיָה(Michyah)ကို
ရှင်သန်စေသည် (Revive)၊ ပြည်လည် ရှင်သန်စေခြင်း(Revival)၊ ပြန်ပြီး အသက်ဝင်‌နေသည် (Reviving) လို့ အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။
ဓမ္မသစ်ကျမ်းမှာတော့ နိုးထခြင်း(Revival) ဆိုတဲ့ စကားလုံးမတွေ့ရပါဘူး။ ဒါပေမယ့် နိုးထမှု
ရဲ့ အယူအဆနဲ့ သက်ဆိုင်တဲ့ ဂရိစကားလုံးဖြစ်တဲ့ ἀνακαινόω (anakainoo) ကိုတော့ တွေ့ရပါတယ်။ မြန်မာလိုတော့ အသစ်ပြုပြင် ပြောင်းလဲ
လို့ အဓိပ္ပါယ်ရပြီး (၂ ကော ၄:၁၆, ရောမ ၁၂:၂,
တိတု ၃:၅) တွေမှာ သုံးနှုန်းထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျမ်းပညာရှင်များနဲ့ သမိုင်းပညာရှင်များက နိုးထခြင်း(Revival) ရဲ့ ယူဆ ချက်တွေက ဓမ္မဟောင်းကျမ်းမှ ဘုရားသခင်ရဲ့
လူမျိုးများဖြစ်တဲ့ ဣသရေလူမျိုးတွေရဲ့ အပြစ်
ကြောင့်ဖြစ်စေ၊ အုပ်ချုပ်တဲ့ ဘုရင်တွေကြောင့်ဖြစ်စေ ဘုရားသခင်ကို မကိုးကွယ်ဝောာ့ခြင်း၊
နှုတ်ကပတ်တော် မနာခံခြင်း၊ မလိုက်လျှောက်ခြင်းတွေကနေ ပြန်လည် ပြုပြင်ပြောင်းလဲပြီး
နောင်တ တရားနဲ့အတူ ဘုရားသခင်အတွက်ကို
အသစ်ပြန်လည် အသက်ရှင်ခြင်းမှ လာတာဖြစ် ကြောင်း ယုံကြည်လက်ခံ ထားကြပါတယ်။
ဥပမာ။ ။ ရှင်ဘုရင်ယောရှိ ပညတ္တိကျမ်းစကားကိုကြားပြီး နောင်တတရားရရှိပြီး မိမိအဝတ်ကို ဆုတ်ကာ ဘုရားသခင်ရဲ့မျက်နှာတော်ကိုရှာပြီး
ယုဒပြည်သူပြည်သားအားကို နိုးထမှု(Revival) ဖြစ်စေခဲ့တာ တွေ့ရပါတယ်။ ( ၄ ဓမ္မရာဇဝင် ၂၂:၁- ၂၃:၃၀)

#နိုးထခြင်းဝေါဟာရအဓိပ္ပါယ်ဖွင့်ဆိုချက်

- နိုထခြင်း (Revival) ဆိုတာ ပြန်လည်သက်ဝင်
နိုးကြားလာခြင်း၊ အားပြန်လည်ကောင်းမွန်လာခြင်း၊ ပြန်လည် အသုံးဝင်လာခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆို ကြပါတယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီး
တော့ " ဘာသာရေးအုံကြွ နိုးကြားလာခြင်း" လို့
လည်း အဓိပ္ပါယ်ဖွင့်ကြပါတယ်။ ဒီ ဘာသာရေး
ပြန်လည် ထွန်းကားလာစေဖို့ လှို့ဆော်သော သူကိုတော့ Revivalist လို ခေါ်ကြပါတယ်။

- ကျမ်းပညာရှင်ဖြစ်တဲ့ J.I Packer ကတော့
-"နိုးထခြင်း(Revival) ဆိုတာ အရာရာတိုင်းမှာ
ဘုရားသခင်ပေးခဲ့တဲ့ ကျေးဇူးတော်၍သာ အမြဲ မူတည်နိုင်ဖို့ အရှိန်အဟုန်ပြင်းစွာဖြင့် နက်ရှိုင်းတဲ့ အတွင်းနှလုံးသားကို တို့ထိရန် ဘုရားသခင်ကြွလာခြင်းပါ။" လို့အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါတယ်။

- Billy Graham ကို အလွှမ်းမိုးဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့
Stephen F. Olford ကတော့
-"နိုးထခြင်း(Revival) ဆိုတာ အမြင့်ဆုံးသော ဘုရားသခင်က အမှားပြန်လည်ကျူးလွန်ကြတဲ့
သူ့ရဲ့လူတွေကို နောင်တ တရားရရှိစေပြီး၊ နာခံခြင်းနဲ့ ယုံကြည်ခြင်းတို့နဲ့အတူ ပြန်လည်ပြုပြင်ပေးခြင်း ဖြစ်ကြောင်း" ပြောဆိုခဲ့ပါတယ်။

- Charles Finney ကတော့
- " နိုးထခြင်း(Revival)ဆိုတာ မှားယွင်းခြင်းများမှ အသင်းတော်ကို ပြန်လာခြင်း နဲ့ အပြစ်သားများရဲ့ ပြောင်းလဲမှုဖြစ်တယ်" လို့ဆိုပါတယ်။

- ဒါကြောင့် နိုးထခြင်း(Revival) ဆိုတာ ဘုရား သခင်ဖက်သို့ ‌ပြန်လည်ခြေဦးလှည့်ခြင်း ဖြစ်ပြီး
အလိုတော် အတိုင်းလိုက်လျှောက် အသက်ရှင်ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် တစ်ဦးချင်း ပြု ပြင်ပြောင်းလဲခြင်းဖြစ်ပြီး နောက်မှ မိသားစု၊အ သင်းတော်၊ လူမျိုးတို့ကို အလိုဝောာ်နဲ့ အညီ ပြု
ပြင်ပြောင်းလဲခြင်း ဖြစ်ပါတယ်။

#နိုးထခြင်းရဲ့သမိုင်း( History Of Revival)

- နိုးထခြင်း(Revival) ဆိုတာ Pietism လို့ခေါ်တဲ့ လွန်စွာဘာသာတရား ကိုင်းရှိုင်းသည့် ဝါဒ
မှစတင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီ ဝါဒကို၁၇ ရာစုမှာ ဂျာမနီနိုင်ငံမှာရှိတဲ့ Lutheran အ သင်းဝောာ်မှ ကျမ်းတတ်ပညာရှင်တစ်ဦးဖြစ်တဲ့ Philipp Spener ကစတင်ခဲ့တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ Pietism ဝါဒရဲ့ ရည်ရွယ်ချက်က တစ်ဦးချင်းစီ မှန်ကန်တဲ့ ခရစ်ယာန်အသက်တာဖြင့် အ သက်ရှင်ဖို့ အဓိကဖြစ်ပြီး ကျမ်းစာသွန်သင်‌ပေး
ခြင်း ဆုတောင်းတို့ကို ဦးစားပေး လုပ်ဆောင်ရပါတယ်။ Philipp Spener က ၁၆၇၀ ခုနှစ်မှာ Collegia Pietatis အဖွဲ့စတင်ခဲ့ပြီး အိမ်မှာကျမ်း စာသင်ယူခြင်း( Bible Study) နဲ့ ဆုတောင်းခြင်း
ကို စတင်ဦး‌ဆောင်ခဲ့ပါတယ်။ Spener က သူ့ရဲ့
မိခင်အသင်းတော်ဖြစ်တဲ့ Lutheranမှ အမှုတော်ဆောင်များကို ကျမ်းစာကိုမှန်ကန်စွာ ပိုင်းခြား ဖို့ ကျမ်းပညာရပ်များကို စနစ်တကျ သင်ယူဖို့နဲ့ ကျမ်းစာကို လက်တွေ့လိုက်နာ ကျင့်သုံးဖို့ အမြဲလိုလို တိုက်တွန်းခဲ့သူ ဖြစ်ပါတယ်။ ၁၆၉၁ ခုနှစ်နောက်ပိုင်းမှာတော့ Pietism လှုပ်ရှားမှုကြီးက Lutheran အသင်းတော်များအတွင်း သာမက Protestants အသင်းတော်များကိုလဲ အကျိုးသက်ရောက်မှုများစွာ ရှိစေခဲ့ပါတယ်။ ဂျာမနီနိုင်ငံမှ ဥရောပတိုက်နဲ့ အမေရိက အထိကို ပျံ့နှံ့သွားခဲ့ပါတယ်။

- နိုးထခြင်း(Revival) ဆိုတာ ကျွန်တော်တို့ ထင်သလို လူအများကြီးကနေ စတင်ခဲ့တာ မဟုတ်ပါဘူး။ August Francke( 1663-1727) က အုပ် စုဖွဲ့ကာ ကျမ်းစာလေ့လာခြင်း( Bible Study)ကို
Leipzig တက္ကသိုလ်မှာ စတင်ပြီး နိုးထခြင်းကို
ဦးဆောင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အခြားတက္ကသိုလ်များကို နိုးထမှုဖြစ်စေပြီး ကျမ်းစာကို ကောင်းမွန်စွာ လေ့လာခဲ့ကြပါတယ်။ Halle
တက္ကသိုလ်ကတော့ Pietism နိုးထမှုကို အဓိက
မွေးထုတ်ပေးတဲ့ ကျောင်းတော်ကြီး ဖြစ်ခဲ့ပါတယ်။ India နိုင်ငံကို သာသာပြုခဲ့ပြီး လူပေါင်း
၃၅၀ ဦးပြောင်းလဲစေခဲ့ပြီး၊ Tamil Grammar ကို
ရေးသားပြုစုခဲ့တဲ့ Bartholomew Ziegenbalg
( 1682- 1719) လည်း Halle တက္ကသိုလ်မှ မွေး
ဖွားပေးလိုက်တဲ့ ကျောင်းသားဖြစ်ပါတယ်။

- ဒီနိုးထခြင်းမှ ၁၇၄၂ ခုနှစ်မှာတော့ Moravian အသင်းတော်ကို မွေးဖွားခဲ့ပြီး သာသနာပြု ၁၇၅ ဦးကို နိုင်ငံပေါင်းစုံ စေလွတ်ခဲ့ကြပါတယ်။ ဒီအ သင်းတော်ကို Count Nicolas von Zinendorf (1700- 1760) က ဦးဆောင်ခဲ့ပါတယ်။ ၂၄ နာရီကြာ ဆုတောင်းခြင်း အစီစဉ်နဲ့ကျမ်းစာလေ့လာ ခြင်းတို့ကို မရပ်မနားပြုလုပ်ခဲ့ပြီးနှစ်ပေါင်းတစ် ရာကြာသည်အထိ နိုးထမှု ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ဒီသေးငယ်တဲ့ အဖွဲ့အစည်းလေးက နှစ်ပေါင်း ၆၅ နှစ်ကြာပြီးနောက် သာသာနာပြုပေါင်း ၃၀၀ ကျော်ထပ်မံစေလွှတ်ခဲ့ပြီး အင်္ဂလန် နဲ့ အမေရိက တို့မှာ ကြီးမားစွာ နိုးထမှုဖြစ်စေခဲ့ပါတယ်။

- အင်္ဂလန်မှာ Anglican အသင်းဝောာ်ရဲ့ အမှုတော်ဆောင် လူငယ်လေးဖြစ်တဲ့ Griffith Jones ( Morning Star of Revival)က (၁၀)နှစ်ကျော် နိုးထမှုအတွက်တရား ဟောတိုက်ပွဲဝင်ခဲ့ပြီး ကျမ်းစာ လေ့လာသင်ပေးခဲ့ တစ်ပည့်ပေါင်း ၁၅၀,၀၀၀ ဦး မွေးထုတ်ခဲ့ပြီး နိုးထမှုကို အရှိန်အ ဟုန်ပြင်းစွာဖြင့် ပြန်နှံ့စေခဲ့ပါတယ်။ ၁၇၂၇ ခုနှစ်မှာတော့ Princeton တက္ကသိုလ်တည်ထောင်ခဲ့တဲ့ William Tennent ရဲ့သားဖြစ်သူ Gilbert Tennent ( Presbyterian အသင်းဝောာ်) မှ အမေရိကကိုကြီးမားစွာ ပထမနိုးထစေခဲ့ပါတယ်။ ၁၇၃၄ ခုနှစ်မှာ Jonathan Edwards ဦးဆောင်မှုဖြင့်နှစ်ခြင်းအသင်းတော်များနဲ့ အခြားပြည်နယ် များစွာမှာ နိုးထမှုတွေဖြစ်ခဲ့ပြီးနောက် ဓမ္မပညာ ရှင်များစွာ ကိုယ်တိုင်မွေးထုတ်ပေးခဲ့ပါတယ်။ ဓမ္မအတွေးအခေါ်(Theology)ပညာ ရပ်များစွာ တည်ဆောက်ပေးခဲ့ပြီး၊ ကျမ်းစာ လေ့လာနည်းများစွာ သင်ကြားပေးခဲ့ပါတယ်။သူရဲ့လူသိများ တဲ့ ဓမ္မအတွေးအခေါ် ကတော့ ( New England Theology) ဖြစ်ပြီး အမေရိကန်သမိုင်းမှာအရေး ကြီးဆုံး ဓမ္မအတွေးအခေါ် ပညာရှင်အဖြစ် မှတ် တမ်းတင်ခံသူလည်း ဖြစ်ပါတယ်။ စာအုပ်များစွာရေးသားခဲ့ပြီး ယနေ့ချိန်ထိ သူ့စာအုပ်များက သာသနာ့လုပ်ငန်းနဲ့ မြောက်များစွာသော ဓမ္မပ ညာရှင်များ၊ အမှုတော်များနဲ့ ယုံကြည်သူများကို လွှမ်းမိုးနေဆဲပါ။

- John Wesley(1703-1791) နဲ့ အတူ ညီဖြစ်တဲ့ Charles Wesley (1707-1788) တို့က Holy
Club ဆိုပြီးတော့ Oxford တက္ကသိုလ်မှာ ကျမ်း စာလေ့လာ( Bible Study) ဖို့ စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ George Whitefield လာပါဝင်ခဲ့ပြီး
နာမည်‌ပြောင်ဖြင့် Methodists လို့ခေါ်ဆိုခဲ့ကြပါတယ်။ အကြောင်းကတော့ နည်းစနစ်တကျ
ကျမ်းစာလေ့လာမှု( Methodical Bible Study)
ကြောင့် Mothodists လို့ခေါ်ကြခြင်း ဖြစ်ပါတယ်။ John Wesley က အင်္ဂလန် သမိုင်းကို ပြောင်းလဲစေခဲ့တဲ့ Revivalist တရားဟောဆရာဖြစ်တဲ့အပြင် (၁၈)ရာစုရဲ့ နိုးထမှုပိုင်ရှင်အဖြစ် တင်စား ခေါ်ဝေါတတ်ကြပါတယ်။ခြေလျင်ဖြင့် ခရီးသွားတရားဟောတဲ့ အပြင်ကိုမြင်းဖြင့် မိုင်ပေါင်း ၂၅၀,၀၀၀ ကျော်ခရီးနှင်ပြီးလည်း တရား‌ ဟောခဲ့သူပါ။ တရားဒေသနာပေါင်း (၄၀,၀၀၀) ကျော်ဟောပြောပြီး၊ စာအုပ်ပေါင်း ၂၃၃ အုပ်ရေးသားခဲ့ပါတယ်။ မြောက်များစွာသော ဂျာ နယ် ( Journals) အတွဲများနဲ့ ကျမ်းစာတစ်အုပ် လုံး ရှင်းလင်းချက်(Commentary) ကိုလည်း ရေးသားထုတ်ဝေခဲ့ပါတယ်။ အင်္ဂလန်မှာတရား ဟောဆရာ ၇၅၀ ဦး၊ Mothodists ပေါင်း
၇၆,၉၆၈ ဦး နဲ့ အမေရိကန်မှာ တရားဟောဆရာ ၃၅၀ ဦး၊ Mothodists ပေါင်း ၅၇,၆၂၁ ဦးကိုချန်ထား ခဲ့နိုင်ပါတယ်။ ဒါ့အပြင် သူ့ညီအရင်းဖြစ်တဲ့ Charles အတူ Hymns သီချင်း စုစုပေါင်း ၉,၀၀၀ ရေးသားခဲ့ပြီး ဒီခေတ်ဒီချိန်ထိ အသင်းတော်များတွင် သီဆိုချီးမွမ်းနေကြ တုန်းပါ။

- John Wesley ရဲ့ခေတ်ပြိုင်ဖြစ်ခဲ့တဲ့ George Whitefield(1714-1770) ကိုဝောာ့ နိုးထမှုကို
လောင်ကျွမ်းစေသူလို့လဲ ပြောစမှတ်ပြုကြပါတယ်။အင်္ဂလန်၊ စကော့တလန်နဲ့ဝေလ်(Wales) နိုင်ငံတွေမှာ Whitefield တရားမပြောတဲ့ ရွာမရှိသ‌လောက်ပါပဲ။ သူဟာတရားဒေသနာပေါင်း ၁၈,၀၀၀ ခန့်ဟောပြောခဲ့သူဖြစ်ပြီး ၁၇၄၂ ခုနှစ် သူဟောခဲ့ Cambuslang နိုးထမှုမှာ လူပေါင်း သုံးထောင်ကျော် တက်ရောက်ပြီး အပြစ်နောင် တများနဲ့ အတူငိုကြွေးခဲ့ကြကာ အသက်တာပြောင်းလဲမှု များစွာဖြစ်ခဲ့ပါတယ်။

- ၁၈၅၀ ခုနှစ်မှာ D.L.Moody ( 1837-1899) က
လမ်းဘေးနေတဲ့ ကလေးတွေအတွက် ကျမ်းစာလေ့လာခြင်း( Bible Study ) စတင်ခဲ့ပါတယ်။
တစ်ဖြည်းဖြည်း ကျမ်းစာလေလာသူနဲ့ တရား နာသူများလာပြီး သမ္မတ Abraham Lincoln တက်ရောက်တဲ့အထိ နိုးထမှုဖြစ်ခဲ့ပါတယ်။ Moody က လူသန်းပေါင်း ၁၀၀,၀၀၀ ဦးကို တရားဒေသနာ ဟောပြောခဲ့ပြီး Moody အသင်းတော်နဲ့ Moody Institute ကျောင်းတော်ကြီးကိုလည်းတည် ထောင်ခဲ့ပါတယ်။ နောက်ပြီး Billy Sunday နဲ့ Billy Graham တို့ရဲ့နိးထခြင်း တရား
ပွဲမှ သန်းပေါင်းများစွာ အသက်တာပြောင်းလဲခဲ့ကြပါတယ်။ ၁၉ ရာစုမှာ ဖြစ်ခဲ့တဲ့ နိုးထမှုတွေကတော့ ဝေလ် နိုးထမှု(၁၉၀၄-၁၉၀၅)၊ Azusa လမ်းမနိုးထမှု(၁၉၀၆)၊ Bolokole နိုးထမှု (၁၉၃၀)၊ Jesus People နိုးထမှု(၁၉၇၀)၊ Bario နိုးထမှု(၁၉၇၁)၊ Chile နိုးထမှု(၁၉၀၉) တို့ဖြစ်ပြီး ယနေ့အချိန်ထိ ကမ္ဘာ့နေရာဒေသများစွာမှာ Catholic အပါဝင် အသင်းတော်များစွာမှာနိုးထခြင်းတွေ ဆက်လက်ဖြစ်ပွားလျက် ရှိပါတယ်။

- ၁၇,၁၈,၁၉ ရာစုတွေရဲ့ နိုးထမှုက ကျမ်းစာလေ့လာခြင်း၊ ဆုတောင်းခြင်းတွေမှာ ဝိညာဉ်တော် စတင်လှုပ်ရှားခြင်းမှ စတင်ပြီး ကမ္ဘာ့ဒေ သများစွာကို နိုထစေခဲ့ပါတယ်။ ဒါ့အပြင် ဓမ္မ တက္ကသိုလ်ကျောင်းများစွာ တည်ထောင်နိုင်ခဲ့ကြပါတယ်။

#နိုးထခြင်းရဲ့ရည်ရွယ်ချက်

- ကျမ်းစာနဲ့ အသင်းတော်သမိုင်းကိုလေ့လာခြင်းအားဖြင့် သိလာတဲ့ နိုးထခြင်း(Revival)ရဲ့
ရည်ရွယ်ချက်ကတော့ ဘုရားသခင်ထံတော်ကို
နောင်တရပြီး ပြန်လည်ဦးလှည့်ဖို့အတွက် ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဘုရား သခင်နဲ့ ဝေးကွာနေပြီးတော့ အဆက်ပြတ်တဲ့ သူက ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုပြန်လည်
သတိရပြီး အမှားကိုသိ၊အမှန်ပြင်ကာ နောင်တများနဲ့ ပြန်လည်ထိုးဝင်ပြီးနောက် ထိုဘုရားနဲ့
ပြန်လည်အဆက်အသွယ်ရပြီး Fellowship ခွင့်
ရရှိခြင်းသာဖြစ်ပါတယ်။ ဝိညာဉ်ရေးရာမှာ အားနည်းသောသူက ဝိညာဉ်ခွန်အားသစ်ဖြင့် ပြန်လည်သက်ဝင် နိုးထခြင်းဖြစ်ပါတယ်။

- ဓမ္မဟောင်းရဲ့ နိုးထခြင်းကိုကြည့်ရင် ပညတ်တော်ကို ပြန်‌လည်သတိရပြီး ပညတ်တရားအ တိုင်း အသက်ရှင်ခြင်းဖြစ်ပါတယ်။ ခရစ်ယာန်
သမိုင်းမှာ နိုးထခြင်းသဘောသဘာဝက ကျမ်း စာသို့ ပြန်လှည့်ခြင်း( Back to the Bible) ဖြစ်ပြီး ထိုကျမ်းစာသိခြင်းမှ မိမိအသက်တာမှာ ပြန်လည် နိုးထမှုလိုအပ်ကြောင်းကို သိစေတာပါ။ နိုးထခြင်းက ကျမ်းစာလေ့လာခြင်း( Bible Study) နဲ့ ဆုတောင်ခြင်းမှ စတင်ခဲ့ကြတာပါ။ ဒီ‌
ခေတ်မှာတော့ နိုးထခြင်းလို့ ခေါင်းစဉ်တပ်ပြီးအစီအစဉ်တွေမှာ ခုန်ပေါက်ချီးမွမ်းနေကြတာ ကို နိုးထနေတယ်လို ထင်မှတ်နေတဲ့ သူအများကြီးရှိပါတယ်။ တစ်ချို့ဆိုရင် ဘာလို့ ခုန်ပေါက်နေမှန်းတောင် မသိကြပါဘူး။ အဲလိုပြောလို့ ခုပေါက်ချီးမွမ်းခြင်းက မကောင်းဘူး၊မလိုအပ်ဘူးလို့ ဆိုလိုခြင်းမဟုတ်ဘူး။ ခုန်ပေါက်ကခုန်ခြင်းက နိုးထခြင်းမဟုတ်လို တိတ်ဆိတ်စွာ ချီးမွမ်းခြင်းလည်း နိုးထခြင်းမဟုတ်ပါဘူး။

- နောက်တစ်ခု နိုးထခြင်းရဲ့ ရည်ရွယ်ချက်က သတင်းကောင်း( Gospel)ကို လူတိုင်းသိစေဖို့ဖြစ်ပြီး ထိုသတင်းကောင်း( Gospel) ကလည်း နောင်တ( Repentance)နဲ့အမြဲ ယှဉ်တွဲပါတယ်။
ပြောချင်တာက ဘုရားနိုင်ငံတော် ကျယ်ဝန်းပြီး သူ့ဘုန်းတော်ထင်ရှားစေဖို့ ဖြစ်ပါတယ်။

-နိဂုံးချုပ်မှာပြောချင်တာက စစ်မှန်တဲ့နိုးထခြင်း ဆိုတာ သမ္မာတရားသို့ ပြန်လာခြင်း၊ သမ္မာတ ရား စာငတ်တဲ့ နှလုံးသာရှိခြင်း၊ သမ္မာတရားကို နာခံခြင်း၊ သမ္မာတရားကို မှန်ကန်စွာ ဝေဖန်ပိုင်း ခြားပြီး ဟောပြောဝေငှခြင်း၊ ပျောက်ဆုံးသော ဝိညာဉ်ကို ချစ်ခြင်း၊ ဆုတောင်းခြင်းတို့ကိုဖြစ် ပေါ်စေတဲ့ အပြင် အတွင်းနှလုံးသားမှ ပြောင်း လဲပြီး အသစ်သောအသက်တာကို မွေးပွားစေပါတယ်။ ဒီအရာတွေ မိမိအသက်တာ၊ မိသား စု၊ လူမျိုး၊ အသင်းတော်မှာ မရှိရင်တော့ နိုးထဖို့ စတင်ဆုတောင်းဖို့လိုပါတယ်။ ကျမ်းစာကို
လေ့လာခြင်း၊ ဆုတောင်းခြင်းများမှ ဘဝများစွာ နိုးထနိုင်ကြပါစေ။

- မေတ္တာဖြင့်
- ရှိုင်းကိုကိုလင်း(SLT)

#ကိုးကား
- Chtistianity through the Centuries by Earle
E. Cairns
- What is Revival? by C.H. Spurgeon
- Oxford Dictionary of English Etymology
- ရှေ့ဆောင် အဘိဓာန် by ဦးလွင်ဦး
- ESV Study Bible
- The Old Testament Concept of Revival
within the New Testament by Ervin.
(Kairos- Evangelical Journal of Theology)
- The Important of Revival by Tony Cauchi
- We need Theology of Revival by Darryl
Dash

Address

အုတ်ကျင်းဘူတာရုံလမ်း
Hlaing
11181

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 17:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Evangel Open Church - E.O.C Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share